မိုခါမုန်တိုင်းဒဏ်ကြောင့် ပခုက္ကူခရိုင်အတွင်း ပျက်စီးမှုရှိခဲ့သည့် ကျေးရွာများရှိ ပြည်သူများကို မေလ (၁၅) ရက်နေ့တွင် ပခုက္ကူခရိုင်တပ်ရင်း-၁၃ မှ သွားရောက်ကူညီပြင်ဆင်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ ယခု လတ်တလော လမ်းပန်းဆက်သွယ်ရေး၊ နေအိမ်များ ပြန်ပြုပြင်မွမ်းမံတည်ဆောက်ရေးနှင့် ရိက္ခာတွေ ကူညီဆောင်ရွက်ပေးနေပါတယ်ဗျ” ဟု ပခုက္ကူခရိုင်တပ်ရင်း-၁၃ မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ပျက်စီးဆုံးရှုံးမှုအနေဖြင့် နွား၊ ဆိတ်၊ လယ်ယာစိုက်ခင်းတချို့နှင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး အသက်ဆုံးရှုံးမှုမရှိကြောင်း ၎င်းက ဆိုသည်။
မိုခါမုန်တိုင်းမဝင်ရောက်မီ ကြိုတင်ပြင်ဆင်မှုနှင့် ပတ်သက်၍ “ ကျနော်တို့ ချောင်းတွေအစပ်နားမှာ ရှိတဲ့ အိမ်တွေကို သတိပေးရှောင်ရှားခဲ့တာတွေတော့ရှိပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
မေလ (၁၄) ရက်နေ့က ရခိုင်ပြည်နယ်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တို့တွင် မုန်တိုင်းကြောင့် သက်ရောက်မှုများစွာ ရှိခဲ့သည်။