စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ဆင်တလည်ရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ခဲ့ကြောင်းသိရသည်။
ငွေတွင်းကျေးရွာတွင်ရောက်ရှိနေသည့်စစ်သားအင်အား ၁၀၀ခန့်သည် သလဲဘာကျေးရွာရှိ စစ်သား ၊ပျူစောထီးများနှင့် ပူးပေါင်းပြီးနောက် ဆင်တလည်ရွာသို့ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်းဒေသတွင်းတော်လှန်ရေးသတင်းများ ဖော်ပြနေသည့်အရာတော်ပို့စ်ကဆိုသည်။
” အခြေအနေတွေက မတည်ငြိမ်သေးလို့ သတင်းအသေးစိတ်မသိရှိရသေးပါဘူးခင်ဗျာ” ဟု အရာတော်ပို့စ်၏တာဝန်ရှိသူတစ်ဦးကပြောသည်။
ဆင်တလည်ကျေးရွာတွင်ဒေသခံကာကွယ်ရေးတပ်များနှင့် ထိတွေ့မှုဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့
ဝင်ရောက်မီးရှို့ခြင်းဖြစ်သည်။
“မနက်ကတည်းက ရွာခံတွေရောအနီးဝန်းကျင်ရွာတွေရော အကုန်ပြေးနေရတာဆိုတော့ အခုအချိန်ထိ အိမ်ဘယ်နှစ်လုံးမီးလောင်သလဲဆိုတာ မသိရသေးဘူး။စစ်သားတွေက အဲဒီရွာနား ဝန်းကျင်မှာ ရှိနေတုန်းပဲလို့ထင်ပါတယ်။အဲဒါကြောင့် ရွာထဲကအခြေအနေ မသိရသေးတာ”ဟု အရာတော်မြို့ပေါ်နေ ပြည်သူတစ်ဦးကပြောသည်။
မေလ၈ရက်နေ့က အရာတော်မြို့နယ်၊သလဲဘာကျေးရွာတွင်တပ်စွဲထားသောစစ်သားများကို ဒေသတွင်း PDF များက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်တပ်အရာရှိတစ်ဦးသေဆုံးပြီးနောက် ငွေတွင်းကျေးရွာ၌စစ်သားအင်အား ၁၀၀ခန့် ထပ်ဖြည့်တင်းထားသည်ဟုသိရသည်။
သလဲဘာရွာနှင့်ငွေတွင်းရွာသည် အရာတော်မြို့နယ်အတွင်း ပျူစောထီးအင်အားတောင့်တင်း သောရွာများဖြစ်သည်။