စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းဘေးရှိ ငါးယှန်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး အိမ်၂၀၀ခန့် ပြာကျခဲ့ကြောင်းသိရသည်။
မေလ၁၁ရက်နေ့၊ညနေ၆နာရီခွဲခန့်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ် ပြီး အမျိုးသမီးတစ်ဦးလည်းဒဏ်ရာရရှိခဲ့ကြောင်း Chaung U Revolution က ထုတ်ပြန်သည်။
“ညတုန်းက လက်နက်ကြီးပစ်ပြီး ရွာထဲကိုဝင်ခဲ့တာ။ သူတို့ပစ်လို့ ဒေသခံပြည်သူ အမျိုးသားတစ်ဦး လက်နက်ထိမှန်ပြီး ဆုံးသွားပြီး အမျိုးသမီးတစ်ဦးတော့ ထိခိုက်သွားတယ်။ ပြီးတော့ ရွာကိုလည်း မီးရှို့သွားတယ်”ဟု ချောင်းဦးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်နက်ကြီးထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားသူမှာ ငါးယှန်ရွာသားကိုစံလင်းဆိုသူဖြစ်ပြီး ဒဏ်ရာရရှိ သူမှာ ၎င်း၏ဇနီးဖြစ်ကာ ပြင်းထန်ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ချောင်းဦးတော်လှန်ရေးသတင်းများ ဖော်ပြနေသည့် မိုးသားရိပ်မီဒီယာက ဆိုသည်။
“ရုတ်တရက်ဝင်လာတာ ရွာသားတွေ ဝင်လာမှသိတော့ လက်နက်ကြီးနဲ့ ပစ်လို့ ရွာသားတစ်ဦး သေ သွားတာ။ရွာသားတွေအကုန်လုံး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးရတာ”ဟု ချောင်းဦးမြို့သားတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ငါးယှန်ရွာအရှေ့ဘက် ၅မိုင်ခန့်အကွာတွင် စခန်းချနေဆဲဖြစ်၍ဒေသခံများတိမ်းရှောင် နေရဆဲဖြစ်သလို ငါးယှန်ရွာအပါအဝင်အနီးကျေးရွာများက ဒေသခံ ၈၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ချောင်းဦးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။