ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်ကျေးရွာရှိ စစ်ကောင်စီစခန်းအား မေလ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထို ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှလည်း ယင်းနေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်ထိ သံမိုးတောင်ကျေးရွာ အပြင်ဘက်ရှိ ဥယာဥ်ခြံများထဲသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ယင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဥယျာဉ်ခြံအချို့သည် မီးများလောင်ကျွမ်းခဲ့သည်ဟု စုံစမ်းသိရှိရသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် ယင်းဥယျာဉ်ခြံမြေ နေရာတဝိုက်ကို စစ်ကောင်စီဘက်မှ မိုင်းများ ထောင်ထားပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟုလည်း ဆိုသည်။ ယင်းသို့ လုပ်ဆောင်မှုများကြောင့် ဒေသခံများအနေဖြင့် ထိုနေရာသို့ မသွားရဲကြသည်မှာ ၆ လကျော် ကြာခဲ့ပြီဟု ဒေသခံတစ်ဦးက MPA သို့ ပြောပြသည်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ရာမှ မီးလောင်မှုများကြောင့် ကျေးရွာနေ ဒေသခံအချိူ့၏ ရာဘာခြံနှင့် ကွမ်းသီးခြံများ ပျက်စီးခဲ့သည်ဟုလည်း စုံစမ်းသိရှိရသည်။ ယင်းဒေသရှိ ဒေသခံများသည် ဥယျာဥ်ခြံ စိုက်ပျိူးရေးဖြင့်သာ အသက်မွေးကျောင်းပြုရသည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်များ ရှိခဲ့သည့်အတွက် ထိုကာလမှစ၍ ယင်းဒေသရှိ ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေရမှုများ ရှိခဲ့သည်။
ဒီဇင်ဘာလ ရောက်မှသာ ကျေးရွာများအတွင်း၌ ဒေသခံအနည်းအကျဥ်းသာ ပြန်လာ၍ နေထိုင်မှုများရှိသည်ဟု စုံစမ်းသိရှိရသည်။
လက်ရှိအချိန်အထိ ကျေးရွာနေဒေသခံအချို့သည် ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသော်လည်း စစ်ကောင်စီဘက်မှ စစ်ဆေးမှုများကို ကြောက်ရွံ့ကြသည့်အတွက် မပြန်ရဲကြသည့် အခြေအနေများလည်း ရှိသည်ဟု ဆိုသည်။