မန္တလေးမြို့၊အောင်မြေသာစံမြို့နယ် ၊စစ်မှုထမ်းဟောင်းရုံးရှေ့တွင် ရပ်ထားသည့် သမဝါယမဋ္ဌာနဦးစီးမှူး၏ကားကို လျက်ဆားပုလင်းဗုံးဖြင့်ဖောက်ခွဲခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့မှမန္တလေးမြို့သို့ပြောင်းလာသည့် သမဝါယမဋ္ဌာနဦးစီးမှူး၏ ကားကို ယနေ့နံနက်၁၀နာရီခန့်တွင်လျက်ဆားပုလင်းဗုံးဖြင့် ပစ်ခတ်ခဲ့ရာ ကားတာယာနှင့်ကားအရှေ့မှန်တို့ပေါက်ကွဲသွားကြောင်း No More Dictatorship Peoples Defense Force အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ ကားပဲဖြစ်သွားတယ်ဗျ၊ကျနော်တို့ပစ်တဲ့ချိန် ရုံးထဲ၀င်သွားတယ်” ဟု ၎င်းကပြောသည်။
သမဝါယမဋ္ဌာနဦးစီးမှူးကားရပ်ထားသည့်နေရာတွင် ယာဥ်ထိန်းရဲများက တရက်လျှင်နှစ်ခါအထိုင်ချကာ ကားနှင့်ဆိုင်ကယ်များအားစောင့်ဖမ်းလေ့ရှိပြီး ယနေ့ဗုံးပေါက်ကွဲမှုဖြစ်ချိန်၌ ယာဥ်ထိန်းရဲများရှိမနေကြောင်းဒေသခံတစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်သားနှင့်ရဲ ၁၀ဦးဝန်းကျင်ရောက်ရှိလာကာ မသင်္ကာသည့်ဆိုင်ကယ်များကို စစ်ဆေးနေသည်ဟုသိရသည်။
မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဋ္ဌာနမှူးရုံးတွင် ကင်းစောင့်နေသည့်စစ်သားများကိုလည်း မေလ ၈ရက်နေ့၌ No More Dictatorship Peoples Defense Force ကလျက်ဆားပုလင်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။