တိုက်လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး ကျဆုံးသွားသည့် ရဲဘော် ၃ဦး၏ ဈာပနအခမ်းအနားသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မေလ ၇ရက် နေ့က ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင် ၊ဝင်းရေးမြို့နယ်ရှိ ကျားဖြူစစ်ကြောင်း (၂) နောက်တန်းစခန်းကို စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကျားဖြူ တပ်ခွဲ၁မှ ရဲဘော်၃ဦး ကျဆုံးသွားခဲ့သည်။
မေလ၈ရက်နေ့၊နေ့လည် ၁၂နာရီဝန်းကျင်ကယင်းနောက်တန်းစခန်းအနီး ယင်းရဲဘော်၃ဦး၏ ဈာပနအခမ်းအနားပြုလုပ်နေစဉ် စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဈာပနပွဲပြုလုပ်နေသည့် နေရာအနီးရှိ ရွာတစ်ရွာမှကလေးငယ်တစ်ဦးအပါအဝင် ရွာသား ၄ဦး ကျည်သင့်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်း တပ်ခွဲ ၁၏ ရဲဘော်တစ်ဦး ကပြောသည်။
“ စစ်တပ်ဘက်က သတင်းရလို့ ရမ်းသန်းပစ်တာပါ။အဲ့အချိန်က အသုဘချနေတဲ့အချိန်။ကျွန်တော်တို့ဘက်ကမထိပေမယ့် ရွာက နေအိမ်နှစ်လုံးမီးလောင်ပြီး ရွာသား၄ဦး ကျည်ထိဒဏ်ရာတွေရသွားတယ်” ဟု ၎င်းကပြောသည်။
စက်သေနတ်ထိမှန်ခဲ့သော အသက် ၁၁နှစ်ကျော် မိန်းကလေးငယ်မှာ ပြင်းထန်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သည်။
“ ကလေးမလေးက အသက်အန္တရာယ်စိုးရိမ်ရတယ်။ပြင်းထန်ဒဏ်ရာပေါ့။ရွာသား ၃ဦးကတော့ မစိုးရိမ်ရပါဘူး။နည်းနည်းပဲထိတာပေါ့” ဟု ၎င်းကပြောသည်။
ယနေ့ မွန်းလွဲ ၂ နာရီ မိနစ်၅၀ခန့်ကလည်း နောက်တန်းစခန်းနေရာဝန်းကျင်သို့ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များ လာရောက်ဝဲပျံခဲ့ပြီး ပစ်ခတ်မှု တစ်စုံတစ်ရာ မလုပ်ခဲ့ကြောင်းသိရသည်။
မေ၇ရက်နေ့က ကျဆုံးသွားသော ရဲဘော်၃ဦးအနက် ရဲဘော် ထွန်းလင်းအောင် (ခ) မြကြီးနှင့် PDFရဲမေ ခင်သန္တာဆွေ (ခ) မမြင့် တို့ မှာ လင်မယားဖြစ်သည်။