မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ အနောက်ပိုင်းရှိ စစ်ကောင်စီတပ်များ အခြေချထားသော နေရာများတွင် မေလ ၁၀ ရက်နေ့၊ နံနက် အစောပိုင်း ၂ နာရီ မိနစ်၂၀ အချိန်မှ စတင်ပြီး ၂ နာရီအကြာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သံများကြီးရသည်ဟု ဒေသခံတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
” ၂ နာရီ ကနေ ၄ နာရီ အထိ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အသံကြားရတာ။ လေယာဉ်သံရောကြားရတယ်။ လေယာဉ် သံကြားရင် ပစ်နေတာက ခဏရပ်သွားတယ်” ဟု ဒေသခံတစ်ဦးက MPA သို့ ရှင်းပြပါသည်။
ယနေ့ နံနက်အစောပိုင်းကကြားရသည့် ပစ်ခတ်သံများသည် စစ်ကောင်စီတပ် အခြေချထားသော အနောက်ပိုင်းရဲစခန်းနှင့် ဓမ္မရက္ခိတဘုန်းကြီးကျောင်းအနီးအနားမှဖြစ်သည်ဟု ကနဦးသိရှိရသည်။
” ဘယ်အဖွဲ့က လုပ်လဲဆိုတာ ငါတို့မသိဘူး။ ကြားရတဲ့ အသံကတော့ တော်တော်ကို ချနေကြတာပဲ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အခြေအနေကို ပြောပြသည်။
ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့များ ပါဝင်နေသည်ကို MPA အနေဖြင့် အတည်ပြုဆဲဖြစ်သည်။