မန္တလေးတိုင်း၊မြင်းခြံ – နွားထိုးကြီးလမ်းပိုင်းရှိ ဇရပ်တွင် နားနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း သိရသည်။
မေလ ၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ သင်ပြွန်ရွာလမ်းခွဲ၌ စစ်ဆေးရေးပြုလုပ်ပြီးပြန်လာသည့် အင်အား ၂၀ခန့်ပါသော စစ်ကား ၃ စီး၊ ညောင်ပင်ရွာအနီးရှိ ဇရပ်၌ နားနေစဥ် ဗုံးသီးချတိုက်ခိုက်ခံရခြင်းဖြစ်သည်။
“သင်ပြွန်ရွာလမ်းခွဲမှာ စစ်ဆေးရေးလုပ်ပြီးပြန်လာတာ။တောဘုရားလေးနားက ဇရပ်မှာ ကားရပ်ပြီးနားနေချိန် ဗုံးသီး ၁ လုံးပဲချတာ။ဇရပ်ပေါ်တည့်တည့်ကျသွားတာ။ဒရုန်းကို လက်နက်ငယ်တွေနဲ့ပြန်ပစ်သေးတယ်။ပြီးတော့ မြင်းခြံဘက်မောင်းပြေးတော့တာပဲ”ဟု Myingyan District Drone Strike မှ ရဲဘော်အာမို ကပြောသည်။
တိုက်ခိုက်မှုအပြီး သေဆုံးစစ်သားအလောင်းများနှင့်ဒဏ်ရာရရှိသူများကို မြင်းခြံစစ်တပ်သို့ပြန်လည်သယ်ဆောင်သွားကြောင်းသိရသည်။
မေလ ၈ ရက်နေ့ကလည်း တောင်သာမြို့နယ် ၊ရတနာပုံကျေးရွာရှိ စစ်သားများယာယီတပ်စွဲထားသောနေရာကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံး၊ဒဏ်ရာရစစ်သားများအား တောင်သာမြို့ရှိနာရေးကူညီမှုအသင်း ကားများဖြင့်လာရောက်သယ်ဆောင်သွားကြောင်းသိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။