သန်းရွှေ – မင်းအောင်လှိုင် စစ်အုပ်စုဘက်က ရပ်တည်ကာကွယ်ပေးနေသည့် တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်ရှုတ်ချသည့်သပိတ် ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည်။
ယင်းသပိတ်လှုပ်ရှားမှုကို ယမန်နေ့ ၊နေ့လည်ပိုင်းက ရန်ကုန်မြို့တစ်နေရာတွင် သပိတ်အင်အားစုများစုပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသပိတ်တွင် ပါဝင်ခဲ့သူတစ်ဦးကပြောသည်။
“ တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို လေးစားကြောင်း တဖွဖွပြောနေပေမယ့် အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုကို မတရားသတ်ဖြတ်နေတာ။အကြမ်းဖက်စစ်အုပ်စုကို အကာအကွယ်နဲ့ အကူအညီများပေးနေခြင်းဟာ စစ်အုပ်စုနှင့် ပေါင်းပြီး မြန်မာပြည်သူများကို သတ်ဖြတ်နေခြင်းပဲဖြစ်တယ်” ဟု ၎င်းကပြောသည်။ အင်အားကြီးနိုင်ငံတစ်ခုဖြစ်သော တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးအား လူကြီးလူကောင်းဆန်ဆန် တရားမျှတစွာ ရပ်တည်ဖြေရှင်းပေးရမည့် အစား တရုတ်၏ အကျိုးစီးပွားများနှင့် စီမံကိန်းများကို အကောင်အထည်ဖော်ရေးသာဆက်၍ ကြိုးစားမည်ဆိုပါက မြန်မာလူထု၏ ယခုထက်ပိုမိုပြင်းထန်သော ဆန့်ကျင်မှုနှင့် ဒေါသကိုသာ ကြုံတွေ့ရမည်ဖြစ်ကြောင်း ယင်းသပိတ်တွင် ပါဝင်ခဲ့သူတစ်ဦးကပြောသည်။
မြန်မာပြည်သူတို့သည် အေးချမ်း တည်ငြိမ်စွာနေလိုကြပြီး မြန်မာပြည်သူတို့၏ လွတ်လပ်မှုနှင့် တည်ငြိမ်မှုကို နှောက်ယှက်ဖျက်ဆီးနေသည်မှာ အကြမ်းဖက်စစ်အုပ်စုပင်ဖြစ်ကြောင်း နွေဦးတော်လှန်ရေး၏ ပန်းတိုင်သည် လွတ်လပ်၊ ငြိမ်းချမ်း၊ တည်ငြိမ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရေးဖြစ်ကြောင်း အချုပ်အခြာအာဏာ၏ မူလပိုင်ရှင် မြန်မာပြည်သူများ၏ အသက်နှင့် ဘဝပေါင်းများစွာ ရင်းနှီးပေးဆပ်၍ တိုက်ပွဲဝင်နေမှုအပေါ် တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီက သေချာနားလည်ပြီး တရားမျှတစွာ ရပ်တည်ပေးရန် အလေးအနက်တောင်းဆိုကြောင်း ၎င်းကပြောသည်။