စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ညအချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း Unicorn-ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်ထားသည်။
မေလ ၇ ရက်၊ ည ၁၁ နာရီခန့်တွင် ရွှေဘို-မန္တလေးကားလမ်းမဘေးရှိ ရဲနှင့်စစ်သား အင်အား ၇၀ ဝန်းကျင်ရှိသော ဆားတောင်ရဲစခန်းကို ဗုံးသီး ၄ လုံးချတိုက်ခိုက်ရာ ရဲစခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲကြောင်းသိရသည်။
“ရဲစခန်းဝင်းအတွင်း ၄ လုံးစလုံးကျတယ်ဗျ။ထိခိုက်မှုက မသိရသေးဘူး။ရဲစခန်းဘေးမှာကလည်း ဆေးရုံကရှိတယ်။စခန်းအတွင်းထဲကနေ ၅ မိနစ်လောက်ပြန်ပစ်တယ်။အပြင်ထွက်ပြီးတော့ လိုက်မပစ်ဘူး။သူတို့လည်း ကြောက်ပုံရလောက်ပါတယ်”ဟု Unicorn-ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းတိုက်မှုအပြီးတွင် PDF ရဲဘော်များထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Unicorn-ပြောက်ကျားတပ်ဖွဲ့နှင့်အတူ ABCF၊Phoenix Sgg၊Fight For Federal၊စစ်ကိုင်းမြို့နယ် ပကဖ၊လင်းယုန်နက် sggနဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၇၊ တပ်ခွဲ ၄ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မေလ ၅ ရက်နေ့ကလည်း ဆားတောင်ရဲစခန်းကို မြင်းခြံခရိုင်တပ်ရင်း-၇(Zeroပြောက်ကျားတပ်ဖွဲ့)နှင့်မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့သေးသည်။