မန္တလေးတိုင်း၊ မြင်းခြံ နယ်မြေရဲစခန်းအနီး စစ်ကား တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မေလ ၇ရက်နေ့ ၊နံနက် ၈နာရီခန့်တွင် နဘူးအိုင်မှ မြင်းခြံဘက်သို့ စစ်သား ၂၅ ခန့်လိုက်ပါလာသည့် ခြောက်ဘီးကားတစ်စီးကို ကျောက်ကန်ရွာ ကားဂိတ်အနီး မြင်းခြံ- မြို့သာလမ်းမကြီးပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြင်းခြံမြို့တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
“ မနေ့က ကျောက်ကန်ရွာနဲ့ ထန်းတောကြီးရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာနဲ့၃မိုင်လောက်မှာတော့ ကုက္ကဲရဲစခန်းရှိပါတယ်။ စစ်ကားက ၂စီး၊ တစ်စီးပဲ မိုင်းမိသွားတယ်။ မမိတဲ့ တစ်စီးပေါ်က စစ်သားတွေက ပြန်ပစ်ခတ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
မိုင်းဆွဲရာတွင်း ဖျက်အားပြင်းမိုင်းကို အသုံးပြုခဲ့ကြောင်း မြင်းခြံမြို့နယ်ပကဖအဖွဲ့ဝင်ကိုမင်းကပြောသည်။
” ဖျက်အားပြင်းမိုင်းရဲ့ အားသာချက်ကတော့ မိုင်းကွင်းထဲ ဝင်မိပြီဆိုရင် ဘယ်လိုမှအကောင်း အ တိုင်း ပြန်ထွက်နိုင်ဖို့မလွယ်ပါဘူး။ယမ်းအားကလည်းပြင်းတယ်။ ရဲဘော်လေးတွေရဲ့နည်းပညာ ကလည်း တစ်ဆင့်ထက်တစ်ဆင့်မြင့်လာပါပြီ” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို မြင်းခြံပကဖနှင့် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ဦး သေဆုံးခြင်းနှင့် အများအပြားဒဏ်ရာရရှိခဲ့ခြင်းကို မြေပြင်သတင်းများအရ သိရကြောင်း ရွှေခြံသားပြောက်ကျားတပ် ဖွဲ့ ကထုတ်ပြန်ထားသည်။
စစ်သားများသေဆုံးဒဏ်ရာရခြင်းကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ယခုရက်ပိုင်းတွင် မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်သားများ အထိနာနေသည့်အတွက် စစ်ကြောင်း အများအပြားထွက်ကာ တစ်နယ်လုံးကို စစ်ကြောင်းထိုးနေပြီး စစ်သားအင်အား မလုံလောက်သည့်အတွက် နယ်မြေခံ ပျူစောထီးများကိုပါ အသုံးပြုနေကြောင်း မြင်းခြံပကဖ ထံက သိရသည်။