မန္တလေးတိုင်းမတ္တရာမြို့နယ်အတွင်းရှိ ညောင်မြစ်တွင် စစ်သားများစီးလာသည့် လှေမှောက်ပြီး၃ဦးသေဆုံးကာ ၃ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
မေလ ၇ရက်နေ့၊နံနက် ၄နာရီခန့်က မတ္တရာမြို့နယ်၊ မြွေပုံကန်ကျေးရွာအရှေ့ဘက်ရှိ အကျယ်ပေ၁၀၀ခန့် ရှိသော ညောင်မြစ်ကို စစ်သား ၇ဦး လှေဖြင့် ဖြတ်ကူးစဉ် လှေမှောက်ခြင်းဖြစ်ကြောင်းအမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်#MPA
” မနက်အစောကြီးလှေနဲ့ဖြတ်ကူးနေတာ မနက်၆နာရီလောက်ကျတော့နစ်တဲ့အသံကြားတာပဲ၊စစ်သားတွေဝိုင်းဆယ်ကြတာ၊ညနေဘက်မှာ၃လောင်းတွေ့ပြီ၊ရွာသားတွေကိုလည်းရေငုပ်ရှာခိုင်းနေတယ်” ဟု ၎င်းကပြောသည်။
မြွေပုံကန်ကျေးရွာကိုရောက်ရှိနေသည့်စစ်သားများနှင့် ကြက်တူးရွေးကျေးရွာရောက်စစ်သားများက လုံခြုံရေးယူကာ ပျောက်ဆုံးစစ်သားများ ရှာဖွေရေးကို လုပ်ဆောင်ခဲ့ပြီး ဒေသခံများအားအနားကပ်ခွင့်မပေးပေ။
ရေစီးအနည်းငယ်သာသန်သောညောင်မြစ်တွင် စစ်သားများစီးလာသည့်လှေက ညောင်မြစ်ချောက်ထဲသို့ကျသွားကာ စစ်သားများလွယ်ထားသည့်ကျောပိုးအိတ်နှင့်ကျည်အိတ်များကြောင့်ရေကူးမရဘဲ နစ်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့ကပြောသည်။
ယနေ့ မွန်းလွဲပိုင်းအထိ ပျောက်ဆုံးနေသော စစ်သား၃ဦးကို ရှာမတွေ့သေးပေ။