မြောင်တွင် ကျည်အခက်အခဲဖြစ်ပေါ်နေသဖြင့် ကမ်ပိန်းပြုလုပ်သော်လည်း လှူမည့်သူမရှိသလောက်နည်းနေကြောင်း အမျိုးသမီးစစ်သည်တော် တပ်ရင်း-မြောင်(M2W)ထံက သိရသည်။
မြောင်နယ်တွင် လိုအပ်နေသည့် ကျည်နှစ်ထောင်အတွက် အမျိုးသမီးစစ်သည်တော် တပ်ရင်း – မြောင် (M2W) က ဦးဆောင်ကာ “ လကုန်ရက်မှာမြောင်အတွက်ကူ ငရုတ်သီး ၂ထောင် နဲ့ အသီးစုံ ပွဲ ၅၀” စာသားဖြင့် ရက်ပေါင်း၃၀ ကမ်ပိန်းကို ဧပြီလ ၃၀ရက်နေ့မှ မေလ ၃၀ရက်နေ့အထိ ပြုလုပ်နေကြောင်း M2W၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ရှေ့တန့်စစ်မြေပြင်မှာ ရန်သူကို တိုက်ဖို့နဲ့ ကိုယ့်စစ်သည်ရဲ့ အသက်ကိုကာကွယ်ပေးဖို့အတွက် M2W အနေနဲ့ ကျည်ထောက်ပို့ဖို့အတွက် ရည်ရွယ်ထားပါတယ်။ကိုယ်တွေက ဆယ်လီလည်းမဟုတ်၊ကူညီမယ့် Fundraiser လည်းမရှိတော့ အားတော့ငယ်တယ်။သို့သော်လည်း ကျည်တောင့်ဖိုးလောက်ရရပေါ့ဆိုတဲ့စိတ်နဲ့တော့ ကြိုးစားနေပါတယ်” ဟု ၎င်းကပြောသည်။
ကမ်ပိန်းမှ ကျည်အတောင့် နှစ်ထောင်နှင့် မိုင်းပဒေသာ အလုံး ၅၀ ရရှိရန် မျှော်လင့်ထားသော်လည်း ကျည်ကိုပင် လှူဒါန်းသူနည်းပါးလှပြီး မိုင်းပဒေသာအား လှူမည့်သူတစ်ဦးမျှမရှိသေးကြောင်း M2W၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ အခြေအနေကတော့လုံးဝကောင်းပါဘူး။ကျည်အတွက်က ၄ရာခိုင်နှုန်း ပဲရသေးတယ်။မိုင်းပဒေသာအတွက်ကလုံး၀မရသေးပါဘူး။ကျည်ကစျေးက၁သောင်းကျော်ပြီ။အခု ကျည်တစ်တောင့်ကို တစ်သောင်း၊မိုင်းပဒေသာက တစ်လုံးကို ၁သိန်းခွဲပေါ့။ကျည်က ဈေးလည်းကောင်းသလို ဝယ်ဖို့ကလည်း ခက်ခဲတယ်။လမ်းကြောင်းတွေက သိတဲ့အတိုင်းပဲလေ။အဖွဲ့တွေလည်းများတော့ ကမ့်ပိန်းကို အားကိုးနေရတာပါ။လှူမယ့်သူတွေနည်းပေမယ့် ကိုယ့်ဝမ်းနာကိုယ်သာသိမို့ကြိုးစားနေမှာပါ” ဟု ၎င်းကပြောသည်။
ယင်းကမ်ပိန်းမှ ရရှိမည့်ငွေများကို မြောင်နယ်အခြေစိုက် Localအဖွဲ့များထံ တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။