ပဲခူးတိုင်း၊ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ရွာခံများအား လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်းသိရသည်။
မေလ ၇ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ပေါင်းခေါင်းနယ်ဘက်မှ စစ်ကြောင်းထိုးလာသောစစ်တပ်သည် ပေါင်းတည်အပိုင် သစ်ပုတ်ကျေးရွာအုပ်စု ၊သက်ပျောက်စမ်းရွာမှ ရွာသားများကို စစ်ကြောင်းရှေ့မှ လှည်း၈စီးဖြင့် ပစ္စည်းသယ်ခိုင်းခဲ့ကြောင်း ဒေသခံစစ်ရှောင်တစ်ဦးထံက သိရသည်။
“စစ်ကြောင်းက ပေါက်ခေါင်းကနေ တက်လာတာ။သက်ပျောက်စမ်းရွာက ရွာသားတွေကို စစ်ကြောင်းရှေ့ကနေ လှည်းမောင်းခိုင်းတယ်။ပစ္စည်းတွေသယ်တယ်။စစ်ကြောင်းက လှည်းနောက်ကနေ ခြေလျင်လိုက်တယ်”ဟု စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်းရှိ ရှေ့ဆုံးတန်းလှည်းများနှင့်ဝေးသည့် စစ်သားများကို PDF တပ်က မိုင်းဆွဲတိုက်ခိုက်ရာစစ်သား ၈ ဦးလဲကျသွားကြောင်းသိရသည်။
“စစ်ကြောင်းကို မိုင်းဆွဲသေးတယ်။၈ ယောက်လောက်တော့ လဲသွားတယ်။သေ၊ မသေတော့မသိရဘူး။စစ်သားတွေက အတန်းလိုက် လှည်းနောက်ကနေ ခြေလျင်လိုက်လာတာ။အဲ့လို မိုင်းဆွဲပြီးတော့ သူတို့က(စစ်သားများ) အနားက တဲ ကို မီးရှို့သွားတယ်”ဟု ၎င်းကဆိုသည်။
မည်သည့်အဖွဲ့က မိုင်းဆွဲသလဲဆိုသည်ကို ယနေ့ထိတိုင် ဒေသတွင်း PDF အဖွဲ့များက ထုတ်ပြန် ခြင်း မရှိသေးပေ။
အဆိုပါစစ်ကြောင်းသည် ယနေ့တွင်သစ်ပုတ်ကျေးရွာအုပ်စုအတွင်းရှိနေသေးပြီး ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။