တိုက်ပွဲများဖော်ဆောင်ရာတွင် ပြည်သူတချို့ ပူးပေါင်းပါဝင်မှု အားနည်းနေဆဲ ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) တာဝန်ခံတစ်ဦးကပြောသည်။
မေလ ၆ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ ၄၄အားတော်လှန်ရေး တပ်ဖွဲ့များပူးပေါင်းကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် ပြည်သူတချို့ ပူးပေါင်းပါဝင်မှု အားနည်း ကြောင်း သိရသည်။
“မနက်က ၄၄ ဌာနချုပ် ကို ပစ်ခတ်ဖို့ သွားတဲ့နေရာမှာ ရွာသားတချို့နဲ့ တွေ့ခဲ့ရတယ် ။တချို့ ပြည်သူတွေက လုံခြုံရေးအရ တောင်းဆိုတာကို ပူးပေါင်းပေးတယ်။လူတစ်ယောက်ကတော့ ပူးပေါင်းပေးခဲ့ခြင်းမရှိဘူး ခင်ဗျ။အဓိက ဒီနေရာကို မလာနဲ့ ဝေးဝေးကနေ သွားကြပေါ့။ပူးပေါင်း ပါဝင်မှု အားနည်းတာက သူတို့ထိခိုက်နိုင်တယ် ခင်ဗျ။
အဓိက ပြည်သူတွေကို လုံခြုံရေးအရ ယခုထက်ပိုပြီး ပူးပေါင်းပေးဖို့ ထပ်ပြောချင်တာပါ”ဟု KRF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။
တိုက်ခိုက်တော့မည့်နေရာသို့ မသွားရန် တော်လှန်ရေးရဲဘော်များက တားမြစ်ခဲ့ရာ ပြည်သူတစ်ဦး ကမလိုက်နာဘဲ ဆိုင်ကယ်မောင်းပြေးသွားကြောင်း ၎င်းကပြောသည်။
“ကျွန်တော်တို့ကတော့ ကိုယ့်လုပ်စရာရှိတဲ့ အလုပ်တော့ လုပ်ရတာပေါ့။ စီးပွားရေးက ရှိသေးတယ်လေ။ ဒါပေမယ့်လည်း ဒီလို တိုက်ပွဲနေရာတွေတော့ ရှောင်တာပေါ့ဗျာ။
ကိုယ့်အသက်ထက်တော့ အရေးမကြီးဘူးပေါ့။ ကျွန်တော်တို့ကတော့ ရှောင်သင့်တဲ့ နေရာ ရှောင်တယ်ဗျ” ဟု ကျိုက်ထိုမြို့ပေါ်နေပြည်သူတစ်ဦးက ပြောသည်။
ကျိုက်ထိုမြို့နယ်အတွင်း ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတိပေးထုတ်ပြန်ချက်များကို လိုက်နာခြင်းနည်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် KRF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မေတ္တာရပ်ခံသည်။
တပ်မ ၄၄ ဌာနချုပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား(၃)ဦးသေဆုံးခဲ့ကာ (၁)ဦးထိခိုက်ဒဏ်ရာရရှိကြောင်း KRF က ထုတ်ပြန်ထားသည်။