မကွေးတိုင်း၊ပခုက္ကူမြို့မှ ထွက်လာသော စစ်တပ်ရိက္ခာတင်ယာဉ်တန်းကို မိုင်းဆွဲပြီးနောက် စစ်ကူလာသည့်ကားများအား ဒရုန်းဖြင့် ဗုံးကြဲခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။
မေလ၇ရက်နေ့၊နံနက် ၅နာရီ မိနစ်၅၀ခန့်က စစ်ကောင်စီတပ် ရိက္ခာတင်ကား၃စီးကို သာတောင်ကြီးအနီးတွင် ပဒေသာမိုင်း ၁၂လုံးနှင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကူလာသည့် စစ်ကား၅စီးအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ မနက်မှာသူတို့ထွက်လာပြီလို့ကျနော်တို့သတင်းရတယ်၊ကားထွက်လာချိန်မှာကျနော်တို့ပဒေသာမိုင်း၁၂လုံးဆွဲတယ်၊မြို့ထဲကနေတပ်ကူထွက်လာတယ်ကြားလို့ကျနော်တို့စောင့်ပြီးဒရုန်းနဲ့အီနာဂါချတိုက်ခိုက်ခဲ့တာ” ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ ကိုအတီးကပြောသည်။
ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာတွင် စစ်ကားပေါ် တည့်တည့် ဗုံးသီးကျခဲ့ပြီး ကားပျက်စီးသွားကာ စစ်သားများထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု၎င်းကပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်သား ၄ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့ပြီး ပြန်လည်ပစ်ခတ်ခြင်းမျိုး မရှိခဲ့သလို PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟုသိရသည်။
စစ်သားများ ဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။