မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မန်ကျည်းလေးပင်ရွာအား ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ကန်နီပျူစောထီးရွာမှ စစ်ကောင်စီနှင့် ပျူစောထီးများက တတိယအကြိမ် မီးရှို့သွားခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံက သိရသည်။
“မန်ကျည်းလေးပင်က ကန်နီနဲ့နီးတယ်။ ကန်နီပျူရွာရဲ့ မြောက်ဘက်ကရွာပဲ။ ဒီနေ့မနက်ဝင်ပြီး မီးရှို့သွားတာ။ မီးရှို့ပြီးတော့ ပြန်ဝင်သွားကြတယ်လို့ကြားတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မန်ကျည်းလေးပင်ရွာမှ လူနေအိမ် ၁၅ လုံး၊ နွားစာတဲ ၃ လုံးနှင့် သနပ်ခါးခြံ ၄ ခြံ မီးလောင်ပြာကျသွားခဲ့သည်ဟု နွေဦးတော်လှန်ရေးမြိုင်မြို့က သတင်းထုတ်ပြန်ထားသည်။
“ဘာအကြောင်းမှမရှိဘဲ မီးရှို့သွားတာပါ။ ဒါနဲ့ဆို သုံးကြိမ်မြောက်။ စုစုပေါင်းနေအိမ် ၇၀ ကျော် ပျက်စီးပြီ”ဟု နွေဦးတော်လှန်ရေးမြိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
မန်ကျည်းလေးပင်ရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ရွာဖြစ်ပြီး ကန်နီပျူစောထီးရွာနှင့်နီး၍ ကန်နီရွာမှ မကြာခဏလက်နက်ကြီးများ ပစ်ခတ်ခံရသည့်အတွက် ရွာသူရွာသားများအနေဖြင့် ရွာထဲတွင် အမြဲမနေရဲဘဲ တောထဲတွင်သာ အနေများကြသည်ဟု စုံစမ်းသိရှိရသည်။
“ရွာထဲမှာ မနေရဲကြတာက များပါတယ်။ ရွာနဲ့တော သွားလိုက်ပြန်လိုက်လောက်နေကြတာ။ ကန်နီနဲ့ မန်ကျည်းလေးပင်နဲ့က တစ်မိုင်လောက်ပဲ ဝေးတယ်လေ”ဟု မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။
စစ်ကောင်စီသည် ကန်နီရွာတွင် တပ်စွဲထားပြီး ဘေးပတ်ပတ်လည်ရွာများအား မကြာခဏစစ်ကြောင်းထိုး၍ ပစ္စည်းများလုယက်၊ နေအိမ်များအား မီးရှို့ဖျက်ဆီးလေ့ရှိသည်ဟု စုံစမ်းသိရှိရသည်။