မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အနီး စက်မှု (၂) မှ ထွက်လာသော စစ်ကောင်စီတပ်၏ ဖောကားအဖြူရောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မေလ (၅) ရက်၊ ၂၀၂၃ ခုနှစ် နံနက် (၁၀) နာရီအချိန်ခန့်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ သတင်းကြိုရပြီး ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သွားရောက် ကင်းစောင့်အလစ်ငိုက်တိုက်ခိုက်တာပါ” ဟု ပခုက္ကူမြို့နယ်ပကဖမှ တာဝန်ရှိသူ တစ်ဦးက MPA ကို ပြောသည်။
စစ်ကောင်စီတပ်သား (၅ဝ) ခန့်ပါဝင်သည့် ဖောကားအဖြူရောင်ကို လမ်းဘေးရှိ ကင်းပုန်းအားနည်းသော စလင်းကန်ရွာနှင့် သရက်ကန်ရွာအကြားတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သရက်ကန်ပျူရွာကိုလည်း လက်နက်အကြီးအဖွဲ့ဖြင့် ဆယ်ချက်ကျော်ပစ်ခတ်ခဲ့ကြောင်း ၎င်းက MPA ကို ဆက်လက်ရှင်းပြသည်။
“ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးကိုတော့ အတိတအကျ မသိရသေးဘူးဗျ။ ကားလဲကျသွားတာကိုတော့ ရဲဘော်တွေ မြင်ကြပါတယ်။ ရဲဘော်တွေဘက်ကတော့ အထိအခိုက်မရှိဘူး” ဟု ၎င်းက ဆိုသည်။
စက်မှု (၂) ဘက်မှ စစ်ကောင်စီ၏ စစ်ကူများနှင့် ကင်းပုန်းများရောက်ရှိလာခြင်းကြောင့် အနီးကပ်ပစ်ခတ်မှုများဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများနိုင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
မြိုင်မြို့အနီး စက်မှု (၂) ၏ လတ်တလော မြေပြင်အခြေအနေကို တိတိကျကျမသိရှိရသေးဘဲ MPA အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။