မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊မတောင်ရွာအနီးတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို မိုင်း၂လုံးဆွဲ တိုက်ခိုက်ခဲ့ကြောင်း တကောင်းပကဖ ကထုတ်ပြန်သည်။
မေလ၄ရက်နေ့၊နံနက်၉နာရီ၄၅မိနစ်ခန့်က သပိတ်ကျင်းမြို့နယ်၊ကြာညှပ်ဘက်မှ တက်လာသည့် စစ်သား ၃၀ကျော် ပါ၆ဘီးကားတစ်စီးကို မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ကားကနေရာတင်တုန့်ခနဲရပ်သွားတာ၊ကားပေါ်ကနေ လက်နက်ငယ်တွေနဲ့ ခဏပြန်ပစ်တယ်၊ခုတော့ကားက တကောင်းမြို့ထဲရောက်သွားပြီ၊အထိအခိုက်ကိုတော့မသိရသေးဘူး” ဟု တကောင်းပကဖသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်ရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း တကောင်းပကဖ က ထုတ်ပြန်သည်။
မိုင်းဆွဲအပြီးတွင် တကောင်းပကဖရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေနှင့် ကားလမ်းပေါ်တွင် စည်းကမ်းချက်များနှင့်အညီဂရုတစိုက်သွားလာကြရန်နှင့် တိုက်ပွဲဖော်ဆောင်ထားသည့်နေရာများ၌ အချိန်ကြာမြေ့စွာ ရပ်နားခြင်းမပြုရန်တကောင်းပကဖ ကသတိပေးထားသည်။