စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲစခန်းကိုဒရုန်း(၅)စီးဖြင့် ဗုံးသီး(၉)လုံးကြဲချခဲ့ရာ ၃ဦးသေဆုံးကြောင်း Unicorn Guerrilla Forceကထုတ်ပြန်ထားသည်။
မေလ ၃ရက်နေ့က စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်များကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရသည်။
” စစ်သား ၃ယောက်သေဆုံးတယ်လို့ ကျနော်တို့ နယ်မြေခံသတင်းပေးတွေကပြောပါတယ်။ ကျနော်တို့ Unicorn Guerrilla Forceအနေနဲ့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲပါ” ဟု Unicorn Guerrilla Forceမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို အညာညီနောင်တပ်ပေါင်းစု (ABCF)၊ Phoenix (SGG)၊ Myinmu Revolution Force (MMRF)၊ Unicorn Guerrilla၊ NDRF၊ MRTF၊ စစ်ကိုင်းခရိုင်တပ်ရင်း(၆) တပ်ခွဲ(၁)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇) တပ်ခွဲ(၁)၊ တပ်ခွဲ(၄)နှင့် နယ်မြေခံ ပကဖများက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာသည် မုံရွာ_မန္တလေးကားလမ်းပေါ်တွင် တည်ရှိပြီး ညောင်ပင်ဝန်းရဲစခန်းထဲ၌အထိုင်ချနေေသာ စစ်အုပ်စုက အနီးအနားရှိကျေးရွာများကို မကြာခဏစစ်ကြောင်းထိုး လူသတ်မီးရှို့လေ့ရှိသည်။
ထို့ကြောင့် ညောင်ပင်ဝန်းစခန်းကို ဒေသခံကာကွယ်ရေးတပ်များက မကြာခဏတိုက်ခိုက်လေ့ရှိပြီး မေလဆန်းပိုင်းကညောင်ပင်ဝန်းရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း တိုက်နယ်စွန် PDF အဖွဲ့က ထုတ်ပြန်ထားသည်။