မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များမှ ဧပြီလ ၄ ရက်၊ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် စောင့်ကြိုခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၇ ဦးကျဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Yaw Revolution Army (ထီးလင်း) မှ ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက MPA သို့ ပြောသည်။
ကျောက်ထုမြို့မှထွက်ခွာလာသော အင်အား ၇၀ ကျော်ပါစစ်ကြောင်းနှင့် ရွှေအောင်သာအထိုင်တပ်မှ အင်အား ၆၀ ကျော်ပါ စစ်ကြောင်းနှစ်ကြောင်းတို့ပူးပေါင်း၍ စုပေါင်းအင်အား ၁၄၀ ခန့်ပါစစ်ကြောင်းအား အောင်းရွာဘက်သို့ ထွက်ခွာလာစဥ် ဒေသကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ထီးလင်းဘက်ကလည်း စစ်ကြောင်းထိုးနေတယ်ဗျာ။ ကျောက်ထုစစ်ကြောင်းနဲ့ ထီးလင်းစစ်ကြောင်း မဆုံခင်အချိန်လေးမှာ ကျနော်တို့ကြိုးစားပြီး ခြုံခိုတိုက်ခိုက်ခဲ့တာပါဗျ။ စ၊ လယ်၊ ဆုံး သေသေသပ်သပ်နဲ့ အောင်မြင်ခဲ့တဲ့ မစ်ရှင်တစ်ခုပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ ထိတွေ့တိုက်ပွဲသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လေယာဥ်တစ်စင်းဝဲလာသဖြင့် ဒေသကာကွယ်ရေးတပ်များမှ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။
ဒေသကာကွယ်ရေးတပ်မှ ရှေ့တန်းရဲဘော်များ ပြန်လည်ဆုတ်ခွာစဥ် အနောက်မှ လက်နက်ကြီး ၇ ချက်ပစ်ကူပေးနေခဲ့ပြီး ထိချက်ကောင်းခဲ့သည်ဟုလည်း ဆိုသည်။
“မိနစ် ၂၀ ကြာ တိုက်ပွဲပြင်းထန်နေတုန်း လေယာဥ်ဝဲလာလို့ ပြန်ဆုတ်ခဲ့ကြတာဗျ။ မျက်မြင်ကျည်မှန်သွားတာ ၇ ယောက်ပါ။ အောင်းရွာထဲမှာ အတိုအပြတ်တွေရဲ့ အော်သံတွေ ဆူညံနေတယ်လို့တော့ ထပ်သိရတယ်ဗျ”ဟု ၎င်းက ဆက်လက်ပြောပြသည်။
အဆိုပါ တိုက်ခိုက်မှုအား ဂန့်ဂေါခရိုင်တပ်ရင်း ( ၁၅၊ ၁၆၊ ၁၇၊ )၊ YRA (ထီးလင်း) နှင့် ဂန့်ဂေါခရိုင်တပ်ရင်း(၁၈)- YRNFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီအကျအဆုံးနှင့် ပတ်သက်၍ MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။