မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ် ကျေးရွာ တစ်ရွာမှ PDF ရဲဘော်များ၏ နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။
မေလ ၄ ရက်နေ့၊ နံနက် ၆ နာရီခန့်က စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာမှ PDF များ၏နေအိမ်ကို ဟင်္သာမကျေးရွာဘုန်းကြီးကျောင်း၌တပ်စွဲထားသော စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း Bo Tiger-ဗိုလ်ကျားကြီးတပ်ဖွဲ့ထံကသိရသည်။
“ပျူခေါင်းဆောင်အိမ် ကို မီးရှို့လို့ ပျူခေါင်းဆောင်က ဦးဆောင်ပြီး မီးလာရှို့သွားတာ။အဲ့ဒီရွာမှာက ပြည်သူတွေမနေတော့ဘူး။ကြက်တူရွေးရွာဝန်းကျင်ကရွာတွေက ပြည်သူတွေလည်းမနေရဲကြတော့ဘူး။၃၀၀၀ ဝန်းကျင်လောက် စစ်ရှောင်နေရတယ်။ဟင်္သာမဘုန်းကြီးကျောင်းမှာ စစ်တပ်နဲ့ပျူတွေက တပ်စွဲပြီးနေတာ အင်အား ၇၀ လောက်ရှိတယ်။၁ လလောက်နေလိုက်၊ အခြားရွာတွေဘက်စစ်ကြောင်းထိုးလိုက် ပြန်နေလိုက်ပဲ။ပုံမှန်ရယ်လို့တော့မရှိဘူး”ဟု Bo Tiger-ဗိုလ်ကျားကြီးတပ်ဖွဲ့မှ ဗိုလ်ကျားကြီးကပြောသည်။
ကြက်တူရွေးကျေးရွာအနီးရှိ ဟင်္သာမ၊မြစ်ကမ်းကြီး၊သဲအင်း၊ကျွန်းကြီး၊ကျွန်းတော်ရွာ(ခြောက်လှကျွန်းတော်)နှင့်ရွာသာရွာ(ရွာသာကျွန်းတော်)မှ ပြည်သူ ၃၀၀၀ ဝန်းကျင် စစ်ရှောင်နေရကြောင်းသိရသည်။
မေလ ၃ ရက်နေ့ ညပိုင်းကလည်း ဟင်္သာမဘုန်းကြီးကျောင်းတွင်တပ်စွဲနေသောစစ်သားများက လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ရာ ကျွန်းတော် ရွာအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့သော်လည်း ရွာအတွင်းမှ ပြည်သူများစစ်ရှောင်နေသဖြင့် ထိခိုက်သေဆုံးခြင်းမရှိကြောင်း သိရသည်။