စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အခြေစိုက်ရာပျူစောထီးရွာနှင့် ညောင်ပင်ဝန်းရဲစခန်းတို့ကို ဗုံးကြဲ၊ပစ်ခတ်ခဲ့ရာ စစ်သား၇ဦးသေဆုံးကြောင်း YOUNG WOLF LPDF ထံက သိရသည်။
မေလ ၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် စစ်သား ၂၀ခန့်နှင့်ရွာခံပျူစောထီးများ တပ်စွဲထားသော မာလဲတောကျေးရွာကိုဒရုန်းဖြင့် ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့ရာ ဗုံးသီး ၃ လုံးသည် စခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကာ စစ်သား၂ဦးသေဆုံးခဲ့ကြောင်းသိရသည်။
“မာလဲတောရွာမှာ အရပ်သားတွေမနေတော့ဘူး။အကုန်ထွက်ပြေးကုန်ကြပြီ။စစ်သားတွေက လူမနေတဲ့ အိမ်မှာတပ်စွဲထားတာ၊ ရွာခံပျူစောထီး ၂၀ လောက်ရှိတယ်။သူတို့ကို စစ်တပ်ကလက်နက်ပေးထားတယ်။ရွာပတ်ပတ်လည်ကို ကတုတ်ကျင်းတွေတူးထားတယ်။စစ်သားနဲ့ပျူတွေရှိတဲ့ အိမ် သူတို့စခန်းပေါ့။ အဲ့ကို ဗုံးသီး ၄ လုံးချတာ။၃လုံးက အဲ့ဒီအိမ်ရှေ့ကိုကျတယ်။စစ်သား ၂ ယောက်သေတယ်လို့ အတွင်းသတင်းအရသိရတယ်”ဟု YOUNG WOLF LPDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ရွာအတွင်းမှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိခဲ့ပေ။
မေလ ၂ ရက်နေ့ကလည်း မာလဲတောပျူစောထီးစခန်းကို ဗုံးသီး ၇ လုံးချတိုက်ခိုက်ခဲ့သေးသလိုမေလ ၁ ရက်နေ့ကလည်း စစ်ကိုင်းမြို့၊ညောင်ပင်ဝန်းရဲစခန်းကို ဗုံးသီးချတိုက်ခိုက်ပြီးနောက် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးကြောင်း၎င်းကပြောသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါတိုက်ခိုက်မှုများကို YOUNG WOLF LPDF နှင့်အတူ Sadaung Revolution Army၊ကျောက်ဆည်ခရိုင်(ပကဖ)၊Phoenix(SSG)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။