သေဒဏ်ကျအကျဉ်းသား ၃၈ ဦးကို ထောင်ဒဏ်တစ်သက်သို့ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုလိုက်သည့်အပေါ် ကျေးဇူးတင်စရာမရှိဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် ကပြောသည်။
ယနေ့ (မေလ ၃ရက်)တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီး၌ သေဒဏ် ကျခံနေရသည့် အကျဉ်းသားနှင့် အကျဉ်းသူ ၃၈ ဦးအားထောင်ဒဏ် တစ်သက်သို့ပြောင်းလဲသတ်မှတ်ပေးခဲ့သည့်အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် က အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
“ ခြွင်းချက်အနေနဲ့ပြောရရင် သေဒဏ်ကနေ လွတ်ကင်းခွင့်ရတဲ့ အကျဉ်းသား ၃၈ဦးနဲ့ပတ်သက်ပြီး မိသားစုနဲ့ထပ်တူဝမ်းသာပါတယ်။ဒါပေမယ့် စစ်ကောင်စီနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ဒါဟာ ကျေးဇူးတင်စရာမလိုဘူး။နိုင်ငံတကာက ထွက်ပေါက်ရဖို့အတွက် တရုတ်ရဲ့ ကြိုးဆွဲရာအတိုင်း လုပ်တယ်လို့မြင်တယ်။ဒါကြောင့် စစ်ကောင်စီက ကဆုန်လပြည့်နေ့ကို အသုံးချပြီး နိုင်ငံရေးထွက်ပေါက်ရှာသွားတယ်လို့ပဲ မြင်တယ်” ဟု ဦးထွန်းကြည် ကပြောသည်။
စစ်ကောင်စီက ပြည်သူများအား မတရားဖမ်းဆီးကာ ၎င်းတို့စိတ်ကြိုက်ပုဒ်မမျိုးစုံတပ် အပြစ်ပေးခြင်းဖြစ်သောကြောင့် နိုင်ငံရေးပုဒ်မများဖြင့် သေဒဏ်ကျခံနေရသူများသည် အပြစ်မရှိသူများသာ ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ ဖမ်းတာလည်း သူတို့ပဲ။ပြစ်ဒဏ်ပေးတာလည်း သူတို့ပဲ။အမိန့်ချတာလည်း သူတို့ပဲဖြစ်တဲ့အတွက် အကြမ်းဖက် စစ်ကောင်စီကသာ တာဝန်ယူမှု၊တာဝန်ခံမှုရှိတယ်ဆို အပြီးလွှတ်ပေးတာမျိုးဖြစ်သင့်တယ်။ဒီကိစ္စမှာ တာဝန်အရှိဆုံးက စစ်ကောင်စီပဲဖြစ်သင့်တယ်။အပြစ်မဲ့ပြည်သူတွေကို အခုလိုသေဒဏ်ကလျှော့ပေါ့ပေးတာကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးရောက်ရှိနေချိန်မို့ နာမည်ကောင်းလိုချင်လို့ လုပ်လိုက်တယ်လို့ပဲမြင်တယ်” ဟု ဦးထွန်းကြည် ကပြောသည်။
ယနေ့ နံနက်ပိုင်းက ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က အရ ပြစ်ဒဏ်ကျခံလျက် ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁၊ပုဒ်မခွဲ(၁)အရ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့သည်။