မန္တလေးတိုင်း၊မိုးကုတ်မြို့ပေါ်ရှိ လျှပ်စစ်ရုံး၂ရုံးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၄ဦးသေဆုံးခဲ့ကြောင်း မိုးမိတ် ခရိုင်KPDF တပ်ရင်းက ယနေ့ထုတ်ပြန်သည်။
မိုးကုတ်မြို့အရှေ့ပိုင်း၊နန်းနွဲ့ပေါ်တော်မူဘုရားအနီးရှိမြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံနှင့် မင်းတံတားရပ်ကွက်၊လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့တွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်သားများအား ဧပြီ ၂၉ရက်နေ့ည၇နာရီ၊မိနစ်၂၀ခန့်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အမှတ်(၃၄)တပ်ရင်းနှင့်မိုးမိတ်ခရိုင်KPDFတပ်ရင်း ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ပေါက်ကွဲသံ နှစ်ချက်အရင်ကြားတယ်၊သေနတ်သံကတော့ဆက်တိုက်ပဲ၊ဒီလိုအသံတော့တစ်ခါမှမကြားဖူးဘူး၊အဝေးကြီးထိ သဲတွေလာစင်တာ” ဟု မင်းတံတားရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
လျှပ်စစ်ဓာတ်အားခွဲရုံတိုက်ခိုက်မှုတွင် စစ်သား၃ဦးသေဆုံးကာအများအပြားဒဏ်ရာရရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံကိုတိုက်ခိုက်ရာ၌စစ်သား၁ဦးသေဆုံးကာ၄ဦးထက်မနည်းဒဏ်ရာရရှိခဲ့ ကြောင်း မိုးမိတ်ခရိုင်KPDFတပ်ရင်းကထုတ်ပြန်သည်။
“ သူတို့ကသတင်းကိုအပြင်ရောက်မခံဘူး၊လူနာတင်ကားလာသံလည်းမကြားဘူး” ဟု မင်းတံတားရပ်ကွက်သားကပြောသည်။
လျှပ်စစ်မီတာရုံးထဲတွင်ဗုံးပေါက်ကွဲပြီးနောက်ပစ်ခတ်သံများဆက်တိုက်ကြားခဲ့ရသလို မိုးကုတ်မြို့တွင်းရှိအခြားနေရာများ၌လည်း ပစ်ခတ်သံများကြားခဲ့ရသည်ဟုသိရသည်။
လျှပ်စစ်ဓာတ်အားခွဲရုံ ရှိစစ်သားများတိုက်ခိုက်ခံရပြီးချိန်မှစ၍ ယနေ့အထိ မိုးကုတ်မြို့တွင်လျှပ်စစ်မီးပြတ်တောက်နေသည်ဟု မြို့ခံများထံကသိရသည်။
လျှပ်စစ်ရုံးများ မတိုက်ခိုက်ခင်က မိုးကုတ်မြို့တွင်လျှပ်စစ်မီးတရက်လျှင်သုံးနာရီဝန်းကျင် ရရှိပြီး စစ်တပ်ကတစ်အိမ်တက်ဆင်း မီတာခလိုက်လံကောက်ခံကြောင်းသိရသည်။
မိုးကုတ်မြို့၊မင်းတံတားအုပ်စု၊ဗမွန်စံပြကျေးရွာဘုန်းကြီးကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုဧပြီ ၂၆ရက်နေ့၊ ည ၇နာရီခန့်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အမှတ်(၃၄)တပ်ရင်းနှင့်မိုးမိတ်ခရိုင်KPDFတပ်ရင်း ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံးကာ ၅ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်းထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုများတွင် ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
စစ်သားများသေဆုံးဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။