ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က အရ ပြစ်ဒဏ်ကျခံလျက် ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ အရ ခံဝန်ကတိလက်မှတ်ထိုးကာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ယနေ့ မေလ ၃ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီမှ ထုတ်ပြန်ကြေညာလိုက်သည်။
ယခုလို ထုတ်ပြန်ကြေညာလိုက်ကြောင်းကို ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရသူများ၏ မိသားစုဝင် တချို့ကတော့ ကြားသိရသည့်အတွက် အကျဉ်းထောင်များရှေ့တွင် သွားရောက် စောင့်ဆိုင်းနေသူများ ရှိသည်ဟု မိသားစုဝင်များထံမှ သိရသည်။
ည ၁၂ နာရီကျော်လောက်က ကျမတို့နဲ့ အဆက်အသွယ်ရှိတဲ့ တစ်ယောက်က ဖုန်းဆက်လာတယ်။ မနက်ဖန် လွတ်မယ့်အထဲပါတယ်ဆိုပြီးတော့။ အခု ကျမတို့တွေ သာယာဝတီထောင်ရှေ့ကို သွားနေကြတယ်။ အားလုံးလွတ်လာဖို့ မျှော်လင့်ပါတယ် ဟု ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရသူ မိသားစုဝင်တစ်ဦးက ဆိုသည်။
မိသားစုဝင်အများစုကတော့ မသိရှိရသေးကြောင်း၊ ၎င်းတို့ကိုလည်း အသိပေး အကြောင်းကြားထားခြင်း တစုံတရာ မရှိကြောင်း ၅၀၅-က အရ ပြစ်ဒဏ် သုံးနှစ်ချခံထားရသူ Mizzima သတင်းထောက် မမေဘယ်၏ မိသားစုဝင်တစ်ဦးက အခုလို ဆိုသည်။
ဒီနေ့က မေဘယ့် မွေးနေ့လေ။ အဲ့ဒါမနေ့ကမှ ကျမတို့ သူ့ဆီကို မွေးနေ့ကိတ်မုန့်နဲ့ လက်ဆောက်လေးတွေ ပေးလိုက်သေးတယ်။ ကျမတို့ကို ဒီနေ့ လွှတ်ဖို့ ရှိတယ်လို့ ဘာတခုမှ မပြောဘူး။ အခုမှ ကျမတို့ စုံစမ်းရမှာ။ ဟု
မိသားစုဝင် တစ်ဦးက ဆိုသည်။
ယနေ့ မေလ ၃ ရက်နေ့သည် မြန်မာသက္ကရာဇ်အရ ကဆုန်လပြည့်နေ့ ဖြစ်သလို ကမ္ဘာစာနယ်ဇင်း လွတ်လပ်ခွင့်နေ့လည်း ဖြစ်သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအတွင်း အာဏာသိမ်းခဲ့ပြီးသည့်နောက် စစ်ကောင်စီ၏ လက်အောက်တွင် သတင်းထောက် အယောက် ၁၅၀ ကျော် ဖမ်းဆီးထောင်ချခံထားရပြီး လေးဦး သတ်ဖြတ်ခံထားရကြောင်း၊ လိုင်စင်ပိတ်သိမ်းခံထားရသည့် သတင်းဌာန ၁၃ ခု ရှိလာပြီ ဖြစ်ကြောင်း အချက်အလတ်များအရ သိရှိရသည်။