“ လုပ်သားထုရဲ့ သွေးစည်းသံ၊တချီတည်းရုန်းပြီး အောင်ပွဲခံ” ဘန်နာကို ရန်ကုန်မြို့၊ ကန်တော်ကြီးတွင်ချိတ်ဆွဲကာ မေဒေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း ဘန်နာချိတ်ဆွဲလှုပ်ရှားမှုကို Labour Allianceအဖွဲ့ဝင် CTUMအဖွဲ့က ဦးဆောင်ကာ ယနေ့ နံနက် ၁၁နာရီ ခွဲကျော်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike) ဒုဥက္ကဌကပြောသည်။
“ ဘန်နာပဲ ချိတ်ခဲ့တာရှင့်။သပိတ်မထွက်ခဲ့ဘူး။၁၁နာရီ ခွဲ ၊၁၂ နာရီကြားလောက် ကန်တော်ကြီး နားမှာလုပ်တာပါ။အဲ့လောက်ပဲ ပြောလို့ရပါမယ်ရှင့်။လုံခြုံရေးအခြေအနေကြောင့်ပါ” ဟု SC Strike ဒုဥက္ကဌကပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားချိတ်ဆွဲကြသည့်ရဲဘော်များ ဘေးကင်းလုံခြုံရာ အရပ်သို့ အောင်မြင်စွာပြန်လာရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
“ သပိတ်တွေကငြိမ်နေတာမဟုတ်ပါဘူး social campaign တွေနဲ့ scout အပိုင်းတွေမှာ ရရင် ရသလို ပါဝင်နေပါတယ်။သပိတ်တွေက ဘယ်တော့မှငြိမ်သွားမှာမဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ ရရာနေရာကနေ ပါဝင်ဖို့ယုံကြည်ပါတယ်” ဟု ၎င်းကပြောသည်။
ယနေ့ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားချိတ်ဆွဲခြင်းကို CTUMက ဦးဆောင်ကာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)နှင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။