စစ်ကိုင်းတိုင်း၊ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် အထွေထွေအုပ်ချုပ်ရေးရုံးနှင့် မိုင်ဝက်ခန့်အကွာ သို့သာ နေ့ခင်းဘက် ကင်းလှည့်ရဲတော့ကြောင်း သိရသည်။
ပုလဲမြို့စောင့် စစ်ကောင်စီတပ်သည် ပုလဲမြို့ပေါ်၌ PDF တပ်ဖွဲ့များ၏ ဝင်ရောက်တိုက်ခိုက်မှုကို မကြာခဏဆိုသလို ခံနေရခြင်းကြောင့် ၎င်းတို့စခန်းချရာ ပုလဲမြို့ထွေအုပ်ရုံး ဝန်းကျင်သို့သာ ကင်း လှည့်ရဲတော့ကြောင်း ပုလဲအခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက ပြော သည်။
“အရင်တုန်းက နေ့ခင်းဘက် ဈေးဘက်တို့ ဗိုလ်ချုပ်ကြေးရုပ်နားဘက်တို့ပေါ့။အခုသင်္ကြန်ကနေစပြီး ဒီနေ့ထိ ထွေအုပ်ရုံးနားဝန်းကျင်ပေါ့။အလွန်ဆုံး ပုလဲမြို့ထဲက ဘကြီးနတ်စင်နားလောက်ပဲ ကင်း လှည့်တယ်။ညဘက်ကင်းမလှည့်တာတော့ တော်တော်ကြာပြီ”ဟု ရဲဘော်ပေက ပြောသည်။
ပုလဲမြို့ထွေအုပ်ရုံးတွင် ဗိုလ်မှူးထက်နောင်လှိုင်ဦးဆောင်သည့် စစ်သားအင်အား၂၄ဦးရှိပြီး ပျူစောထီးနှင့်ရုံးဝန်ထမ်းများပါ ပေါင်းလိုက်ပါက အယောက်၅၀ခန့်ရှိကြောင်းသိရသည်။
“ကင်းလှည့်တာက မနက်တစ်ကြိမ်၊ညနေတစ်ကြိမ်ပေါ့။စစ်သား၇ယောက်တွဲ၊၁၁ယောက်တွဲ နှစ် ကြိမ်လှည့်တယ်။ရဲနဲ့ပျူစောထီးကတော့ စခန်းအပြင်ကို လုံးဝမထွက်ရဲတော့ဘူး”ဟု ၎င်းက ပြော သည်။
စစ်ကောင်စီတပ်သည် ပုလဲမြို့မဈေးအနောက်ဘက်၊စိုက်ပျိုးရေးရုံးနားနှင့် ဗိုလ်ချုပ်ကြေးရုပ်နား တို့တွင် မကြာခဏဆိုသလို တိုက်ခိုက်ခံရသဖြင့် ထိုနေရာများသို့ စစ်သားများမလာသည်မှာ ကြာ ပြီ ဟု ပုလဲမြို့တွင်းနေပြည်သူတစ်ဦးကပြောသည်။
“ဒီလထဲမှာ ၂ကြိမ်ထင်တယ်။ဒေါင်းနက်ပြောက်ကျားက တစ်ကြိမ်။တခြားPDF တွေက တစ်ကြိမ် ဝင် ဆော်သွားတာ။ပုလဲမြို့ထဲကို ဒေါင်းနက်က မကြာခဏဝင်ဆော်လေ့ရှိလို့ စခ တွေ ကြောက်တယ်”လို့ ၎င်းကပြောသည်။
ဧပြီ၂ရက်နေ့က ပုလဲမြို့၊ဗိုလ်ချုပ်ကြေးရုပ်နားရောက်လာသည့် စစ်ကောင်စီတပ်ကို အသင့်စောင့် ဆိုင်းနေသည့် ဒေါင်းနက်ပြောက်ကျားများက မိုင်းဆွဲပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဒုဗိုလ်တစ် ဦးအပါအဝင်စစ်သား၃ဦးသေဆုံးခဲ့ကြောင်း ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ပုလဲမြို့မရဲစခန်းထဲတွင် ရဲတပ်ဖွဲ့အင်အား၃၀ကျော်နှင့် ပျူစောထီး ၅ဦးရှိကြောင်း သိရသည်။