စစ်ကောင်စီက ကွင်းဆက်လိုက်ကာ ထောင်ဖမ်းခဲ့သည့် ဗကသရဲဘော် မဆုသွန်းပိုင်ကို ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်ကြောင်းသိရသည်။
အထက (၂) မရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် မဆုသွန်းပိုင်ကို မတ်လ ၃၀ရက်နေ့က ၅၀၅(က) ပုဒ်မဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၃နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ABFSU(ဗကသများအဖွဲ့ချုပ်)၏ ဗဟိုအမှုဆောင်တစ်ဦးက ပြောသည်။
“ ဖမ်းဆီးခံရတဲ့ ရဲဘော်က ၁၈နှစ်ပဲရှိသေးတဲ့ အခြေခံပညာအထက်တန်း ကျောင်းသူတဦးပါ။သူက မြေပြင်မှာ သပိတ်တိုက်ပွဲလှုပ်ရှားမှုတွေ လုပ်နေတဲ့ ရဲဘော်ပါ။ ဒါ့ကြောင့် ရန်သူက ဖမ်းမိထားတဲ့ အခြားသပိတ်အင်အားစုတခုက ရဲဘော်တွေကနေ ကွင်းဆက်လိုက်ပြီး သူ့ကို အကြမ်းဖက်ဖမ်းဆီးခဲ့တာပဲ။ ရန်သူက ဖမ်းဆီးခံထားရတဲ့ ရဲဘော်ကတဆင့် လုပ်ငန်းလုပ်ဖို့ဆိုပြီး ချိန်းခိုင်းပြီး ထောင်ဖမ်းလို့ မိသွားတာလို့ ပြောနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၂ခုနှစ်၊အောက်တိုဘာ ၂၆ရက်နေ့က မဆုသွန်းပိုင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ လေးလကြာပြီးနောက် အမိန့်ချမှတ်ခဲ့ခြင်းသည်။
“ ဒီအပေါ်မှာ သိပ်ပြောဖို့ မရှိဘူး။ စစ်အာဏာရှင်စနစ်ကို ပေါ်ပေါ်ထင်ထင် ကျင့်သုံးနေတဲ့ လက်ရှိစစ်အစိုးရကို ဖက်ဆစ်အစိုးရလို့ ကျနော်တို့ တလျှောက်လုံး ပြောခဲ့တာပဲ။ ဖက်ဆစ်က ဖက်ဆစ်အလုပ်ကို လုပ်တယ်လို့ပဲ မြင်တယ်။ ဒီတော့ ကျနော်တို့ကလည်း ကျနော်တို့ အလုပ်ကို ဆက်လုပ်မှာပါ”ဟု ၎င်းကပြောသည်။
မဆုသွန်းပိုင်ကို အင်းစိန်အကျဉ်းထောင်ရှိ အမျိုးသမီးဆောင်၌ ထိန်းသိမ်းထားသည်။