စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ကျောက်မျက်တူးဖော်ရေးဒေသတွင် စစ်ကောင်စီမှ နယ်မြေလုံခြုံရေးတာဝန်ချထားသည့် ရဲ-တပ်ရင်း (၁၆)၊ ရဲတပ်သား ကျော်ကိုကိုထက်သည် ကင်းတာဝန်ကျချိန်တွင် ထွက်ပြေးသွားကြောင်း ကုမ္ပဏီလုံခြုံရေး တာဝန်ခံတစ်ဦးထံမှ သိရသည်။
နန်စီပွန်ကျောက်မျက်တူးဖော်ရေးဒေသသည် ခန္တီးမြို့နယ်၊ ရွှေပြည်သာကျေးရွာအုပ်စုနှင့် နယ်မြေချင်းထိစပ်လျက်ရှိပြီး ဒေသခံတိုင်းရင်းသားများနှင့် ရေမဆေးရှာဖွေသည့် ရွှေ့ပြောင်းလုပ်သားများစွာနေထိုင်ရာ ဒေသတစ်ခုဖြစ်သည်။
ထိုဒေသတွင် စစ်ကောင်စီမှ ကုမ္ပဏီလုပ်ငန်းများအတွက် လုံခြုံရေးတာဝန်ချထားသည့် ရဲတပ်ရင်း (၁၆) မှ ရဲတပ်သား ကျော်ကိုကိုထက်သည် ၎င်းကိုင်ဆောင်သော ၉၄ အူဇီအမျိုးအစား သေနတ်နှင့် ကျည်ဆန်အတောင့် (၂၀၀) ခန့်ပါကို ယူဆောင်ပြီး ယခုမတ်လ ၁၇ ရက်နေ့ ည (၁၁း၀၀) နာရီ အချိန်ခန့်က ထွက်ပြေးသွားခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
‘‘သေနတ်သံတွေ ကြားရတယ်။ အတွဲလိုက်ပစ်သံတွေပါကြားတယ်။ ညဆိုတော့ ဘာဖြစ်တာလဲကမသိ။ ကြောက်နေကြရတာ မနက်ရောက်မှ ထွက်ပြေးတဲ့ အကြောင်းသိရတာ။ ဒီတစ်ယောက်မကတော့ဘူး။ သူ့အရင်ပြေးတဲ့သူတွေလည်း မကြာခဏဆိုသလို ကြားနေရတယ်’’ ဟု ဒေသခံတစ်ဦးကလည်း MPA သို့ ပြောပြသည်။
ယင်းတပ်သားအနေဖြင့် ထွက်ပြေးစဉ်အချိန်တွင် လုံခြုံရေးတစ်ဦးကိုလည်း ပစ်ခတ်သွားသည်ဟု ကနဦး သိရှိရပြီး ယခုကဲ့သို့ ထွက်ပြေးသွားသည့် အကြောင်းအရင်းကို MPA အနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။
ထိုဒေသတွင် ယခုကဲ့သို့ ထွက်ပြေးသူများ ပို၍များလာသဖြင့် စစ်ကောင်စီဘက်က လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဆေးရေးဂိတ်များနှင့် ပိုမိုတင်းကျပ်လာသောကြောင့် ဒေသခံနှင့် ရေမဆေးကျောက်ရှာသူများအတွက် ဖြတ်သန်းသွားလာရေး ခက်ခဲမှုများ ရှိနေသည်ဟု ရေမဆေးရှာဖွေသူ တစ်ဦးထံမှ သိရသည်။