ကယားပြည်နယ်၊ ဒေါနိုးကူးတံတား (ဘီလူးချောင်း) တွင် ရေကူးရင်း ရေနစ်သေဆုံးသွားသည့် ၁၅ နှစ်အရွယ် လူငယ်အလောင်းကို တစ်ရက်ကြာပြီးနောက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂၉ ရက်နေ့၊ ညနေ ၄နာရီခွဲခန့်က သေဆုံးသူ မောင်အောင်ဘုန်းမြင့်သည် သူငယ်ချင်း ၃ ဦးနှင့်အတူ ဒေါနိုးကူးတံတား (ဘီလူးချောင်း) အနီးတွင် ရေကူးနေစဉ် ရေနစ်ကာ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်း ဒုဥက္ကဌ ကိုအောင်မိုးမြင့်ကပြောသည်။
“ အဖော်တွေပါတယ်ဗျ။ သူငယ်ချင်း ၄ ယောက် လာကူးတာလို့ သိရပါတယ်။ ရေနစ်ပြီး သိပ်မကြာခင် တန်းရှာကြတာပဲ။ မတွေ့ဘူး။ သူတစ်ယောက်ပဲနစ်တာ” ဟု ၎င်းကပြောသည်။
ယနေ့နံနက် ၁၁နာရီခန့်က မောင်အောင်ဘုန်းမြင့် အလောင်းကို ၎င်းရေနစ်ခဲ့သည့် နေရာနှင့် မလှမ်းမကမ်းတွင် ပြန်လည်တွေ့ရှိကာ ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
“ ရေနစ်သေဆုံးသူ ကလေးကို ရပ်ကွက်သူရပ်ကွက်သား ၊မီးသတ် နဲ့ မိုးကောင်းကင် ပရဟိတအသင်းတို့က မနေ့ကတည်းက ရှာခဲ့ကြတာပါ၊ သူတို့ကြိုးစားအားထုတ်မူကြောင့် အလောင်းကို မြန်မြန်ရှာတွေ့ခဲ့တာပါ။ ကောင်လေးက အနေအေးပြီး လူချစ်လူခင်လည်းပေါတယ်။စာလည်းတော်တဲ့ ကလေးပါ။နှမြောစရာပေါ့” ဟု ကိုအောင်မိုးမြင့်က ပြောသည်။
မောင်အောင်ဘုန်းမြင့် အလောင်းကို ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်းက လွိုင်ကော်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။