မန္တလေးမြို့၊စိန်ကျော်မိုးရွှေဆိုင်ရှေ့ သေနတ်ပစ်ဖောက်ကာ ကျပ်သိန်း၁၂၀၀ လုယက်သွားမှုူ ယမန်နေ့ညနေ ကဖြစ်ပွားခဲ့သည်။
မန္တလေးမြို့,ချမ်းအေးသာစံမြို့နယ်၊ ၈၅(A) ၃၁ / ၃၂ လမ်းကြားရှိ စိန်ကျော်မိုး ရွှေဆိုင် ရှေ့တွင် မတ်လ ၂၇ရက်နေ့၊ညနေ ၅ နာရီ ၁၅ အချိန်ခန့်က စိန်ကျော်မိုးရွှေဆိုင်မှ ငွေထုပ်လေးထုပ်အား ဆိုင်အရှေ့ရှိ ကားပေါ်သို့ ဝန်ထမ်းများက တင်ဆောင်နေစဉ် အမည်မသိအမျိုးသား ၃ဦး ကားဖြင့်ရောက်ရှိလာပြီး သေနတ် နှစ်ချက်ပစ်ဖောက်ကာ လုယူထွက်ပြေးသွားခြင်းဖြစ်သည်။
“ Nissan march အိမ်စီးကား အနက်ရောင်နဲ့လာတာ။ပစ္စတိုကိုင်ထားတဲ့ အမျိုးသားတွေပေါ့။ငွေထုတ်က ၄ထုပ် ဆာလာအိတ်နဲ့ထုတ်ထားတာ။တစ်အိတ်ကို သိန်း ၃၀၀ပါတယ်။လေးအိတ်ဆိုတော့ သိန်း ၁၂၀၀ပေါ့” ဟု အမည်မဖော်လိုသူရဲတစ်ဦးက ပြောသည်။
ယင်းလုယက်သွားမှုဖြစ်စဉ် စီစီတီဗီမှတ်တမ်း လူမှုကွန်ရက်ပေါ်သို့ ပျံ့နှံ့ခဲ့ပြီးနောက် မန္တလေးရှိရဲများက တရားခံများအား ညတွင်းချင်းဖမ်းဆီးမိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သလို ဓားပြတိုက်သူများမှာ ရဲများဖြစ်ကြောင်း လည်း သတင်းထွက်ပေါ်ခဲ့သည်။
“ တရားခံက ညကတည်းက မိသွားပြီပြောတယ်။ဆိုင်ရှင်တော့ ပိုက်ဆံတွေပြန်ရပြီလား၊မရသေးဘူးလားမသိဘူး။ရဲတွေ ဓားပြတိုက်ပါတယ်ဆိုပြီးသတင်းတွေ ထွက်လာပြီးတော့ တရားခံချက်ချင်းဖမ်းဆီးရမိတာ ဒီတစ်ခါပဲရှိမယ်ပေါ့” ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို တရားခံများဖမ်းဆီးမိပြီဆိုသည့်သတင်းကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။