ရန်ကုန်မြို့တွင် တက္ကစီယာဉ်မောင်းကိုသတ်ကာ အလောင်းအား လမ်းဘေး၌ စွန့်ပစ်သွားကြောင်း အမည်မဖော်လိုသူ ရဲတစ်ဦးကပြောသည်။
မတ်လ ၂၃ရက်နေ့၊မနက် ၇နာရီခန့်က ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ် (၁) လမ်းအတွင်း ဒဏ်ရာများဖြင့်လဲကျသေဆုံးနေသည့် အမျိုးသားတစ်ဦးအလောင်းအားတွေ့ရှိကြောင်း သတင်းပေးပြောဆိုသဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။
“ မနေ့က ဗဟန်းမှာ အလောင်းတွေ့တယ်ပေါ့။သူ့ရဲ့ ဖုန်းမြည်သံဆက်တိုက်ထွက်နေလို့ ပတ်ဝန်းကျင်ကသတိထားမိသွားတာ။ခြံတစ်ခုအရှေ့မှာ လာပစ်သွားတာပါ။ ထိုးကြိတ်ခံထားရတဲ့ ပုံစံနဲ့ ထိုးသွင်းဒဏ်ရာတွေလည်း တွေ့တယ်” ဟု ၎င်းက ပြောသည်။
သေဆုံးနေသည့် အမျိုးသားသည် ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်နေ အသက် ၅၅နှစ်အရွယ် အဌားယာဉ်မောင်းသူ(တက္ကစီ)တစ်ဦးဖြစ်ပြီး မတ်လ ၂၂ရက်နေ့ ညနေပိုင်းက စတင်ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
“ သူ့ကားနံပါတ်နဲ့ ကားအမျိုးအစားကအစ ရဲကိုပေးထားပြီးပါပြီ။အခုထိတော့ တရားခံမမိသေးဘူး။ကားပါပျောက်နေတော့ လူသတ်ကားလုတယ်လို့ ယူဆထားကြတယ်” ဟု ၎င်းကပြောသည်။
ယခုနှစ်၊ဇန်နဝါရီလ ၅ရက်နေ့ညကလည်း ရန်ကုန်တိုင်း၊တွံတေးမြို့နယ်၊ခလောက်ချိုက်၊ခထ္ထိလမ်းတွင် တက္ကစီယာဉ်မောင်းတစ်ဦးအား သတ်ပြီး ကားကို ခိုးကာ လက်နောက်ပြန်ကြိုးတုတ်လျက်အနေအထားဖြင့် အလောင်းစွန့်ပစ်သွားမှု ဖြစ်ပွားခဲ့သေးသည်။