လိုင်စင်ဓါတ်ပုံလာရိုက်သူ၂ဦးနှင့် လိုက်ပါလာသူက ဆိုင်ရှင်၏ ဆိုင်ကယ်ကို ခိုးယူသွားမှု ကချင်ပြည်နယ်၊ရွှေကူမြို့တွင် ဖြစ်ပွားခဲ့သည်။
မတ်လ ၂၃ရက်နေ့၊ညနေပိုင်းက ရွှေကူမြို့၊အမှတ် ၃ မြို့ကုန်းရပ်ရှိ ဉီးကျော်ရွှေ ဖွင့်လှစ်ထားသည့် အရုဏ်ဦး ဓာတ်ပုံဆိုင်သို့ အမည်မသိအမျိုးသားသုံးဦး ရောက်ရှိလာပြီး နှစ်ဦးအား ဓာတ်ပုံရိုက်ပေးနေစဉ် ကျန်တစ်ဦးက ဆိုင်ကယ်ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း ဓာတ်ပုံဆိုင်ပိုင်ရှင် ဦးကျော်ရွှေက ပြောသည်။
“ မနေ့က လူငယ်သုံးဦးလာပြီး ဓာတ်ပုံလာရိုက်ကြတာ။နှစ်ယောက်က ဓာတ်ပုံရိုက်သွားတယ်။ကျန်တစ်ယောက်က ဆိုင်ရှေ့မှာ ရပ်ထားတဲ့ ကျွန်တော့်ဆိုင်ကယ်နားနေပြီး ခိုးသွားတာ။ကျွန်တော်လည်း သူတို့အားလုံးပြန်သွားပြီး နာရီဝက်လောက်ကြာမှ ဆိုင်ကယ်ပါသွားမှန်းသိတာ” ဟု ဦးကျော်ရွှေက ပြောသည်။
ဓာတ်ပုံရိုက်သူ ၂ဦးက ဓာတ်ပုံဆိုင်ပိုင်ရှင်ထံ ဓာတ်ပုံရိုက်ကူးခ အပြည့်ပေးသွားခဲ့ကြောင်း ဆိုင်ကယ်ခိုးသွားသူကို သိရှိရန် ဓာတ်ပုံလာရိုက်သူ၂ဦး၏ ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တင်ကာ ရှာဖွေလျက်ရှိပြီး ဆိုင်ကယ်ပြန်မရသေးကြောင်း သိရသည်။
“ အခုထိတော့ ဆိုင်ကယ်မရသေးဘူး။ ဆိုင်ကယ်ယူသွားတဲ့အထဲက ဓာတ်ပုံတင်ထားတဲ့ နှစ်ယောက်ကတော့ ဆက်သွယ်လာပါပြီ။ ဆိုင်ကယ်က သူတို့သူငယ်ချင်းခိုးသွားတာလို့ ဝန်ခံတယ်။ အခုထိတော့ သူတို့လည်း လိုက်ရှာတာမတွေ့သေးဘူး။ ရဲမတိုင်ပါနဲ့ဆိုပြီး တောင်းပန်လာတယ်။ ဆိုင်ကယ်ဖိုးပြန်လျော်ပေးမယ်လို့တော့ ပြောထားတယ်။ အခုထိတော့ ဆိုင်ကယ်ကပြန်မရသေးဘူး” ဟု ၎င်းက ပြောသည်။
ဓာတ်ပုံရိုက်ကူးသွားသူ နှစ်ဦး ဦးကျော်ရွှေထံသို့ ဖုန်းဖြင့်ဆက်သွယ်လာခြင်းဖြစ်ကြောင်း သိရသည်။