နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော သူရဲကောင်းများနှင့် တိုက်ပွဲဝင်နေသည့် PDF ရဲဘော်များကို ကိုယ်ချင်းစာသည့်အနေဖြင့် စစ်ကောင်စီ ပြုလုပ်မည့် သင်္ကြန်တွင် မပါဝင်ကြရန် တန့်ဆည်သပိတ် အင် အားစုက တောင်းဆိုလိုက်သည်။
ယနေ့နံနက်ပိုင်းတွင် တန့်ဆည်မြို့နယ်အတွင်း တန့်ဆည်ပင်မသပိတ်နှင့် တန့်ဆည်အမျိုးသမီးသပိတ်တို့ပူးပေါင်းကာ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပြီး ယင်းသို့ တောင်းဆိုခဲ့ကြကြောင်း အမျိုးသမီးမဟာမိတ်အင်အားစုက ထုတ်ပြန်သည်။
ကျဆုံးသူရဲကောင်းများ၊ အနာဂတ် စွန့်လွှတ်ထားကြသော PDF များ၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြသော မီး လောင်ပြင်ကဘဝများ၊ အကျဥ်းထောင်ထဲက အဖိနှိပ်ခံနိုင်ငံရေးသမားများ၊ မိသားစုနှင့် ဝေးနေကြရသော လူငယ်နိုင်ငံရေးသမားများကို ကိုယ်ချင်းစာကြရန်နှင့် စစ်ကောင်စီ သင်္ကြန်တွင် ပါဝင်ကြမည့် ပြည်သူ့ဘက် မရပ်တည်သော အနုပညာရှင်များ၊ စစ်ကောင်စီနှင့် ပူးပေါင်းသည့် အနုပညာရှင်များကို တော်လှန်ရေး အတွင်းရော တော်လှန်ရေး အလွန်ကာလမှာပါ ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် လည်း တောင်းဆိုလိုက်သည်။
“ကျနော်တို့ အလေးအနက်ထား တောင်းဆိုလိုက်တာပါ။ တိုက်ပွဲဝင်နေသူတွေ၊ မီးရှို့ခံရတဲ့ပြည်သူတွေကို လေးစားကြစေချင်ပါတယ်။ ပြည်သူတွေ စစ်ခွေးသင်္ကြန်မှာ မပါကြဘူးလို့လည်း မျှော်လင့်ပါတယ်”ဟု တန့်ဆည်သပိတ်လူငယ်တစ်ဦးက ပြောသည်။
ယနေ့ ကျင်းပသော တန့်ဆည်ဆန္ဒပြပွဲတွင် “စကစရဲ့ သင်္ကြန်မှာ ဖျော်ဖြေကြမယ့် အနုပညာရှင်များအား ကန့်ကွက်ရှုတ်ချပါသည်” ၊ “အပျော်လွန်ကြူးတဲ့ သင်္ကြန်မဖြစ်ပါစေနဲ့၊ တော်လှန်သင်္ကြန်ပဲဖြစ်ပါစေ၊ တိုင်းပြည်က ခွေးကိုက်ခံထားရတာများနေပြီ”နှင့် “စစ်ကောင်စီနဲ့ ပူးပေါင်းသည့် အနုပညာရှင် မှန်သမျှပြတ်ပြတ်သားသား ဆန့်ကျင်ကြ” ဆိုသည့် စာသားပါ banner များ ကိုင်ဆောင်ခဲ့ကြသည်။
ရန်ကုန်မြို့တွင်မူ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စစ်ကောင်စီက မဏ္ဍပ်ဆောက်နေပြီဖြစ်သလို ပြည်သူ့ရင် ပြင်ထဲတွင်လည်း မဏ္ဍပ်တစ်ခုနှင့် စတိတ်စင်တစ်ခု ဆောက်နေကြောင်း သိရသည်။
“အရင်နှစ်ကလည်း စစ်ခွေးသင်္ကြန်ကို ပြည်သူတွေ ဆန့်ကျင်ခဲ့ကြတယ်။ ဒီနှစ်လည်း ဆန့်ကျင်မယ်လို့ ထင်တယ်။ ပြည်သူတွေ ကမ်းခြေသွားချင်သွားကြမယ်။ စစ်ခွေးတွေလုပ်တဲ့နေရာတော့ သွားမှာ မဟုတ် ဘူး”ဟု ရန်ကုန်မြို့၊ လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ရန်ကုန်မြို့တော်အတွင်း သင်္ကြန်မဏ္ဍပ်များ ဆောက်ခွင့်ပြုကြောင်း ကြေညာထားသော်လည်း ယနေ့ထိတိုင် ပုဂ္ဂလိက မဏ္ဍပ် တည်ဆောက်ခြင်းမျိုးမရှိသေးပေ။