စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ကိစ္စရပ်များတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့်အတူတကွ ပူးပေါင်းဆောင်ရွက် တိုက်ပွဲဝင်ရန် ဆန္ဒပြင်းပြစွာရှိကြောင်း NUGကာကွယ်ရေးဝန်ကြီးက ပေးပို့သော သဝဏ်လွှာ၌ ဖော်ပြထားသည်။
ယနေ့ကျရောက်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း ၃၄ နှစ်မြောက်နေ့သို့ ပေးပို့သည့် NUG အစိုးရ၊ကာကွယ်ရေးဝန်ကြီး ၏ သဝဏ်လွှာတွင် အထက်ပါအတိုင်း ဖော်ပြထားသလို အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ပြုတ် တိုက်ဖျက်နိုင်ပြီး ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအား အပြည့်အဝ အာမခံနိုင်သော ခိုင်မာသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက် ရှိကြောင်းလည်း ဆိုသည်။
အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဒီမိုကရေစီရေး တို့မှာ စစ်အာဏာရှင် အစဉ် အဆက်နှင့် စစ်အာဏာရှင်စနစ်တို့ကြောင့် ယနေ့ထက်တိုင် ပိုင်ဆိုင်နိုင်ခွင့် မရရှိသေးကြောင်း လည်း ဆိုသည်။
MNDAA ၏ တော်လှန်သက်တမ်း ၃၄ နှစ် မြောက်အတွင်း များစွာသောအခက်အခဲ မုန်တိုင်းများ ကြား မားမားမတ်မတ် ရပ်တည် နိုင်ခဲ့သည့်အတွက် လေးစား တန်ဖိုးထားကြောင်း ၃၄နှစ်တာ ကာလအတွင်းကိုးကန့်ဒေသနှင့်ကိုးကန့် လူထုအတွက် အသက်ပေးလှူ သွားခဲ့ကြသည့် မိတ်ဆွေ ရဲဘော်ရဲဘက်များနှင့် ၎င်းတို့၏ ဂုဏ်ရောင်ပြောင်စွာ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကိုလည်း ဂုဏ်ပြု ဦးညွှတ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။