မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် ၁၂ တပ်ရင်း၊ အပတ်စဥ် ၃ အခြေခံစစ်သင်တန်းဆင်းပွဲကို တပ်ရင်းအခြေစိုက်ရာ မကွေးတိုင်း၊ ယောဒေသ တွင်ကျင်းပခဲ့ကြောင်းသိရသည်။
မတ်လ ၆ ရက်နေ့ က သင်တန်းဆင်းပွဲကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ ၃ လဖြစ်ကာ အမျိုးသမီး ရဲမေ အပါအဝင် သင်တန်းသား ၃၁ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း ABSDF ကယနေ့ထုတ်ပြန်သည်။
“ယောဒေသမှာ သင်တန်းအပတ်စဥ် ၁၊ ၂၊၃ တော့ အောင်အောင်မြင်မြင်ပဲ ပြီးခဲ့ပြီ။ အတော်လေးတော့ တည်ဆောက်ခဲ့ရတာပေါ့။ ရဲဘော်တွေကို သင်တန်း တစ်ပတ်စဥ်ကို ၃ လ လေ့ကျင့်ပေးတယ်။ အဓိကတော့ ငါတို့ ၈၈ မျိုးဆက် မကဒတ ရဲဘော်တွေက ဒီနေ့ မျိုးဆက်ဖြစ်တဲ့ ဂျန်ဇီးတွေကို ပုခုံးပြောင်း တာဝန်လွှဲအပ်တာပေါ့ကွာ။ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ ဂျန်းဇီးတွေက အာဏာရှင်ပြုတ်ကျရေးမှာ တက်တက်ကြွကြွ ရှိတယ်။ ဒါကြောင့် ပုခုံပြောင်းတာဝန်လွှဲတဲ့သဘောဖြစ်တယ်”ဟု ABSDF ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေး ကပြောသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာ လပိုင်းမှ စတင်၍ စစ်သင်တန်းအပတ်စဥ် ၁ ကိုသင်ကြားပေးခဲ့ပြီး သင်တန်းအပတ်စဥ် ၃ထိ ရဲဘော် ၁၅၀ ဝန်းကျင် သင်တန်းဆင်းခဲ့ပြီဖြစ်သည်။
၁၉၈၈ ခုနှစ် လူထုအရေးတာ်ပုံကြီးမှ ပေါ်ပေါက်လာခဲ့သည့် ABSDF အနေဖြင့် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး မျိုးဆက်များကို ပုခုံးပြောင်းတာဝန်ပေးအပ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဓာတ်ပုံ- ABSDFတပ်ရင်း၁၂