မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းရှောင် ပြည်သူများစီးလာသည့် ကားတစ်စီး တိမ်းမှောက်ပြီး အဘွားအိုတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
မတ်လ ၇ ရက်နေ့ တွင် ကန်နီပျူစောထီးရွာ မှ ရေစကြိုတပ် သို့ အပြန် မြိုင်မြို့နယ်အတွင်းရှိ ကံကြီးတောရွာအနီးဝန်းကျင်ကို စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံ ၅၀၀၀ ဝန်းကျင်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးစဥ် ကားမှောက်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း PDF ရဲဘော်တစ်ဦးကပြောသည်။
“ကံကြီးတောရွာ ကို စစ်ကြောင်းက ဦးတည်လာနေတာ။ တစ်ရွာလုံးပြေးရတာ။ ရွာအထွက် လမ်းအကွေ့မှာ ကားကအရှိန်မထိန်းနိုင်ဘဲ Light Track ကား မှောက်ပြီး အဘွားအိုက လွင့်ကျသွားတာ။ သေသွားတယ်။ ကားပေါ်မှာက လူတွေရော ပစ္စည်းတွေရောပြည့်နေတာ။ ဆိုင်ကယ်၊လှည်း၊ကား ကိုယ့်ရှိရာနဲ့ပဲပြေးရတာ မရှိရင်တော့ ခြေလျင်ပြေးပေါ့”ဟု ၎င်းကပြောသည်။
သေဆုံးသွားသော အဘွားမှာ ကံကြီးတောရွာသူဖြစ်ပြီး အဘိုးတစ်ဦးလည်း လှည်းပေါ်မှ ပြုတ် ကျကာ ခြေထောက်နှစ်ဖက်ဒဏ်ရာရသွားကြောင်း သိရသည်။
“အဘိုးအိုကိုတော့ ကျနော်တို့ဆေးခန်းမှာ ဆေးကုသပေးလိုက်တယ်။ စစ်ကြောင်းလမ်းကျတဲ့ရွာတိုင်း ပြေးရတာပဲ။ ၁၀ရွာဝန်းကျင်လောက်ရှိမယ်။ ကံကြီးတောရွာက ကား တစ်စီး နဲ့ဆိုင်ကယ် တစ်စီး မီးရှို့ခံရတယ်။ပစ်တာ ခတ်တာတော့ မရှိဘူး။ဒီမနက်တော့ စစ်ကြောင်း က အညာတောရွာဘက်ရောက်နေပြီ။စစ်ကြောင်းလာရင် ပြေးလိုက်ကြ။ စစ်ကြောင်းဝေးသွားရင် ရွာထဲပြန်ဝင်လိုက်ကြနဲ့ပေါ့”ဟု ၎င်းကပြောသည်။
မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသောကြောင့် ကံကြီးတော၊ကွမ်းတော၊ထန်းတစ်ပင်၊ထနောင်းခလှ၊တောင်ဦး၊အညာတော နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများက ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။