မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်၏ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဖေဖေါ်ဝါရီလအတွင်း အမျိုးသမီး ၁၅ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း Burmese Women’s Union က ထုတ်ပြန်သည်။
သေဆုံးခဲ့သည့် အမျိုးသမီး၈ဦးမှာ စစ်ကောင်စီတပ်က ကျေးရွာများထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ၃ဦးမှာ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများသို့ စစ်တပ်ဝင်ရောက်စဉ် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏အာဏာသိမ်းရန်ကြိုးပမ်းမှု ကာလ ၂၀၂၃ဖေဖေါ်ဝါရီလအထိအမျိုးသမီး၄၂၉ဦး အသက်ဆုံးရှုံးခဲ့ကြရသည်ဟုလည်း ထုတ်ပြန်သည်။
ဖေဖေါ်ဝါရီ၁ရက်နေ့မှ ၂၅ရက်နေ့အတွင်း အမျိုးသမီး၃၅ဦးအထိ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့သည် တနင်္သာရီတိုင်း၊နေပြည်တော်၊မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊မွန် ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့က ဖြစ်သည်။မန္တလေးတိုင်းက ၁၃ဦးဖြင့် အများဆုံးဖြစ်ပြီး ပဲခူးတိုင်းက ၆ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း Burmese Women’s Union ကဆိုသည်။
ဖေဖေါ်ဝါရီလအတွင်း ဖမ်းဆီးခံရသူအများစုသည် လူမှုကွန်ရက်စာမျက်နှာပေါ် စစ်တပ်နှင့်၎င်းတို့၏ အပေါင်းအပါ များအား ဆန့်ကျင်သည့် အရေးအသားများရေးခြင်းနှင့် ပို့စ်များ မျှဝေခြင်းတို့ခြင်းကြောင့် ဟု Burmese Women’s Union ကထုတ်ပြန်သည်။