ဦးဖြိုးမင်းသိန်း အပါအဝင် ၄ ဦးကို ပါတီမှ ထုတ်ပယ်ခြင်းမှာ ပြည်သူနှင့်ပါတီအပေါ် သစ္စာဖောက်ဖျက်ခြင်းကြောင့်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တစ်ဦးက ပြောသည်။
မတ်လ ၃ ရက် နေ့က ဗဟိုအလုပ်မှုဆောင် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒေါ်စန္ဒာမင်း၊ ဦးဝင်းမြင့်အောင်နှင့် ဦးတိုးလွင်တို့ကို အဖွဲ့ချုပ်၏မူဝါနှင့် ရပ်တည်ချက်များအပေါ် ၎င်းတို့က ဆန့်ကျင်ပြီး ပြည်သူ့ဆန္ဒကို လေးစားလိုက်နာခြင်း မရှိသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်လိုက်ကာ ၎င်းတို့သည် ပါတီနှင့် မည်သို့မျှ မသက်ဆိုင်တော့ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။
“အဓိကတော့ စာထဲမှာ ပါတဲ့အတိုင်း ပြည်သူအပေါ် သစ္စာဖောက်တယ်။ တော်လှန်ရေးအပေါ် သစ္စာဖောက်တယ်။ပါတီအပေါ်မှာလည်း သစ္စာဖောက်တယ်။ ပြည်သူအပေါ် သစ္စာဖောက်တာက ပါတီကို သစ္စာဖောက်တာ၊တော်လှန် ရေးအပေါ် သစ္စာဖောက်တာနဲ့ အတူတူပါပဲ။ အဲ့ဒီစွပ်စွဲချက်တွေကလည်း အားလုံးမှန်ကန်တဲ့အတွက် ပါတီ CWC ကထုတ်ပယ်တာပေါ့ဗျာ”ဟု မန္တလေးတိုင်းအတွင်းရှိ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
NLD ပါတီမှ ထုတ်ပယ်ခံရသူ ၄ ဦးအနက် တချို့သည် စစ်ကောင်စီပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီထောင်ဖွယ်ရှိနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။
“ဖြိုးမင်းသိန်းကတော့ ပါတီထောင်မယ်မထင်ဘူး။ သူကတော့ လူတောထဲမတိုးရဲတဲ့ဘဝနဲ့ ရာသက်ပန် အရှက်ရနေတော့မယ့်လူပါ။ ကျန်တဲ့၃ယောက်ကတော့ ပါတီထောင်ကောင်းထောင်နိုင်တယ်။ ပါတီထဲက ရှင်းထုတ်တာ တောင် နောက်ကျနေပြီ”ဟု ၎င်းကပြောသည်။
မတ်လ ၂ ရက်က ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အပတ်စဉ် အစည်းအဝေးသို့ တက်ရောက်လာသော ဗဟိုကော်မတီဝင်များ၊ တိုင်းနှင့်ပြည်နယ် အလုပ်အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီများက အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန် သက်သေထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီး ပါတီ၏ မူဝါဒများကို ဆန့်ကျင်လုပ်ဆောင်နေသူများအား အရေးယူပေးရန် တင်ပြလာချက်များအရ မတ်လ ၂ ရက် အစည်းအဝေးတွင် ဗဟိုအလုပ်ကော်မတီက ၎င်းတို့ ၄ ဦးအား ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
၎င်းတို့၄ ဦးကို အဖွဲ့ချုပ်က ပေးအပ်ထားသော တာဝန်များအားလုံး ရပ်ဆိုင်းသည့်အပြင် ပါတီဝင်အဖြစ်မှပါ အပြီးပိုင်ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
မတ်လ၃ရက်နေ့ညတွင် ဦးတိုးလွင်က ယင်းသို့ထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်ပြီး ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှနေ၍ ပြန်လည်တုံ့ပြန်ထားသည်။
ဦးဖြိုးမင်းသိန်းသည် စစ်ကောင်စီ၏ သက်သေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်လာခြောက်သိန်းနှင့် ရွှေ ၇ ပိဿာ ပေးခဲ့ကြောင်း တရားခွင်၌ ထွက်ဆိုခဲ့သူဖြစ်သည်။