ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမဖြတ်လမ်းတွင် စစ်ကြောင်းထိုးရန် လာသည့် စစ်ကား ၁ စီး ချောက်ထဲထိုးကျခဲ့ရာ ဗိုလ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း လူမှုကူညီရေး ဆောင်ရွက်နေသူများထံက သိရသည်။
မတ်လ ၂ ရက် နံနက် ၄ နာရီတွင် အုတ်ဖိုအခြေစိုက် ခမရ-၆၊ မင်းလှအခြေစိုက် ခလရ-၁နှင့် သာယာဝတီအခြေစိုက်ခလရ-၃၅ တို့က အင်အား ၆၀ ဖြင့် စစ်ကြောင်းထိုးရန်လာသော စစ်ကောင်စီ ကား ၃ စီးသည် စိန်ကန့်လန့်-ချောင်းကြီး လမ်းပိုင်း ခါချဥ်တောင်အနီး ရေတွင်းကုန်း အဆင်းတွင် အရှိန်လွန်ချောက်ထဲထိုးကျ၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
“ဒီမနက် ၄ နာရီက မင်းလှကနေ ရိုးမထဲကို စစ်ကြောင်းထိုးဖို့လာတဲ့ စစ်ကား ၃ စီး ခါချဥ်ကွေ့အနီးမှာ ချောက်ထဲကျသွားတာ။ တပ်ရင်း၃ ရင်းနဲ့ စစ်ကြောင်းထိုးဖို့ လာတာ။ ဗိုလ်မှူး ၁ ယောက်သေတယ်။ အဲ့လမ်းကိုပိတ်ထားတာ ကြာပြီ။ အရင်က သစ်ခိုးကားတွေ သွားတဲ့လမ်း ခဏခဏ မှောက်ကြတယ်”ဟု သာယာဝတီဂဠုန်တပ်ဖွဲ့ မှ စစ်ရေးတာဝန်ခံ ရဲဘော်တံခွန် ကပြောသည်။
သေဆုံးသူမှာ ဗိုလ်မှူးခင်မောင်မြင့်ဖြစ်ပြီး ၎င်း၏ရုပ်အလောင်းနှင့် ဒဏ်ရာရစစ်သား ၂ ဦးကို ပြည် ကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဇန်နဝါရီ ၁၅ ရက်နေ့က ပဲခူးရိုးမဖြတ်လမ်းများဖြစ်သော မြို့ချောင်း-မင်းလှ(စိန်ကန့်လန့်)လမ်းနှင့်အုတ်တွင်း-ပေါက်ခေါင်းလမ်းတို့ကို ပြည်သူများအသုံးပြုခွင့်ပိတ်ထားပြီး ကျောက်တံခါးမြို့နယ်(မြို့ချောင်း)၊မင်းလှမြို့နယ်(စိန်ကန့်လန့်)၊ပေါက်ခေါင်းမြို့နယ်နှင့်အုတ်တွင်းမြို့နယ် တို့တွင် လုံခြုံရေးများချထားရန် စစ်ကောင်စီလက်အောက်ခံ ကျောက်တံခါးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က စာထုတ်ထားသည်။