စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တော်လှန်ရေးအင်အားစုများကို အဘက်ဘက်တွင်ယှဉ်ပြိုင်၍ မရတော့ဘဲ ကျရှုူံးနေပြီဟု NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ယနေ့ပြုလုပ်သော ၇ ကြိမ်မြောက် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ယခုလို အချိန်တိုအတွင်း ရရှိလာခဲ့တဲ့ အောင်မြင်မှုတွေဟာ ပြည်သူများရဲ့ အသက်ပေးဆပ်မှုတွေကြောင့် ဖြစ်ပါတယ်။ ယခုအောင်မြင်မှုများသည် တော်လှန်ရေးအဆုံးသတ်ဖို့ ခြေလှမ်းများသာဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး အမြဲသတိပြုဖို့လိုအပ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။
ဆက်လက်ပြီး ယာယီသမ္မတက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အမြန်ဆုံး ပြေလည်အောင် ဆက်ဆံရန်နှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအတွက် အာမခံချက်ပေးနိုင်မည့် နိုင်ငံရေးကတိကဝတ်များကို
အမြန်ဆုံး သဘောတူညီချက်ရယူကာ အချင်းချင်းကြား သံသယ ရှိနေမှုအား အဆုံးသတ်ကာ အကြမ်းဖက် စစ်အုပ်စုကို ဖြိုချရန် အတူလက်တွဲချိန်ရောက်ပြီဟုလည်း ဆိုသည်။
ယာယီသမ္မတ၏ ယနေ့အဖွင့်မိန့်ခွန်းတွင် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့က ဥရောပသမဂ္ဂ (EU) က စစ်ကောင်စီနှင့်အပေါင်းအပါများကို ၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့ခြင်းအပေါ် ကျေးဇူးတင်ကြောင်းလည်း ပြောသည်။
“ဒီတစ်ကြိမ် အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုဟာ ပြည်သူတရပ်လုံး တိုက်တွန်း စောင့်မျှော်နေတဲ့ စစ်အုပ်စုရဲ့ လေယာဥ်လောင်စာဆီများ တင်သွင်းမှုရပ်တန့်ဖို့နဲ့ တင်သွင်းသူများကို အရေးယူဖို့များ ပါရှိတာ တွေ့ရပါတယ်။ ထို့အတူ လက်နက်ပွဲစားများနှင့် ကုမ္ပဏီများကိုလည်း အရေးယူထားတာ တွေ့ရပါတယ်။ ကျွန်တော့်အနေဖြင့် အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း မြန်မာလူထုကိုယ်စား အထူးပြောလိုပါတယ်”ဟု ၎င်းကပြောသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ယခုအချိန်ကာလသည် စစ်ကောင်စီ အင်အားဆုတ်လျော့လာသည့် အခြေအနေ၊ တော်လှန်ရေး အစုအဖွဲ့များ၏ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာသည့် အခြေအနေနှင့် နိုင်ငံတကာ၏ ယုံကြည်ထောက်ခံလာမှု အခြေအနေများ အားလုံးတို့ ဆုံမှတ်တစ်ခုသို့ ရောက်ရှိလာကြောင်းယင်းသို့သော အချိန်တွင် တော်လှန်ရေး ဦးဆောင်အင်အားစုများကြား ပိုမိုထိရောက်အားကောင်းသည့် နိုင်ငံရေးသဘောတူညီမှုတွေ၊ စုဖွဲ့ဆောင်ရွက်မှုမျိုးနှင့် အတူ လူ့အခွင့် အရေး၊ဖက်ဒရယ်ဒီမိုကရေစီကို အလေးထားသည့် ခိုင်မာမှုရှိသော အုပ်ချုပ်ရေး ယန္တရားကို စနစ်တကျ ထူထောင်နိုင်ရန် အချိန်ကျလာပြီဖြစ်ကြောင်း ပြောသည်။