ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ KNU တပ်မဟာ ၃ နယ်မြေသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ MI 35 လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၅ ညနေ ၅ နာရီဝန်းကျင်က ကျောက်ကြီးမြို့နယ် KNUတပ်မဟာ ၃ တပ်ရင်း-၉နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုကာ စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံး ၄ လုံးကြဲခဲ့သော်လည်း ထိခိုက်ကျဆုံးမှု မရှိကြောင်း ဒေသတွင်း ပကဖ တစ်ဦးထံက သိရသည်။
“ ညနေ ၅နာရီ ကျော်က တပ်မဟာ ၃ ရင်း ၉နယ်မြေကို စစ်ကောင်စီမှ MI 35 လေယာဥ်ဖြင့် စက်သေနတ် လာရောက်ပစ်ခတ်ခဲ့ပြီး ဗုံး လေးလုံးကြဲခဲ့ပါတယ်။ အထိအခိုက် အကျအဆုံး မရှိခဲ့ပါဘူး”ဟု၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် တပ်ရင်း ၉ နယ်မြေတွင် နတ်သံကွင်းနှင့် ကျောက်ကြီးမြို့ပေါ်ကလွဲ၍ နယ်မြေစိုးမိုးမှု မရှိတော့ဘဲ စစ်တောင်းတံတားထိပ်၊ ကျောက်ကြီး ဆိပ်ကြီး၊ မာလာဦး၊ ဆင်မတောင်တို့မှ လက်နက်ကြီးများဖြင့်သာ ကျေးရွာများအတွင်းသို့ နေ့စဥ် ရမ်းသန်းပစ်ခတ်လျက်ရှိသည်။
KNU တပ်မဟာ ၃ တပ်ရင်း-၉နယ်မြေကို စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၆ ကြိမ်တိုက်ခိုက်ခဲ့ပြီး တတိယအကြိမ်တိုက်မှုတွင် ၃ ဦး ဒဏ်ရာအနည်းငယ်ရသည်ကလွဲ၍ ထိခိုက်ကျဆုံးခြင်းမရှိခဲ့ပေ။
ဖေဖော်ဝါရီ ၉ ရက်နေ့က ရွှေကျင်နှင့်ကျောက်ကြီးသို့ စစ်ကောင်စီတပ် စစ်ကူပေးရာတွင် အရေးပါသည့် တံတားတစ်စင်းကို PDF များက မိုင်းခွဲ ဖြတ်တောက်ခဲ့သေးသည်။