မြန်မာပြည်သူများအပေါ် စစ်ကောင်စီ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်စေရေးအတွက် ဖိအားပေးရေး အစီအမံများ ချမှတ်ကာ တညီတညွတ်တည်း တုံ့ပြန်ရန် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကတိုက်တွန်း လိုက်သည်။
ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ်က ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် ထိုသို့တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်ထားသင့်ကြောင်းလည်း ဆိုသည်။
မြန်မာ့အရေးသည် ဒေသတွင်းနိုင်ငံများကိုပါ ရိုက်ခတ်နေခြင်းကြောင့် အာဆီယံအနေနှင့် တညီတညွတ်တည်း တုံ့ပြန်ကြရန်နှင့် သတ္တိရှိရှိ လုပ်ဆောင်ကြရန်လည်းလိုကြောင်း ၎င်းကပြောသည်။
“မလေးရှားက ထိုင်းကို မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖိအားပေးလိုက်တဲ့သဘောပါပဲ။ ဘာလို့လဲဆိုတော့ ထိုင်းဟာ မြန်မာစစ်တပ်နဲ့ လူသိရှင်ကြားဆက်ဆံနေတာတွေ၊ အကာအကွယ်ပေးတာတွေကို လုပ်နေတာကြောင့် ထိုင်းရောက်နေတဲ့အချိန် မလေးရှားရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်ပြောလိုက်တာ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောသည်။
အာဆီယံနိုင်ငံများအတွင်း မြန်မာ့အရေး မတူညီသော ရပ်တည်မှုများအရ မလေးရှားဝန်ကြီးချုပ်၏သဘောထားမှာ လက်တွေ့ဖြစ်လာရန် မလွယ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
ထိုင်းနိုင်ငံအနေနှင့် မြန်မာ့အရေးဖြေရှင်းရာတွင် ပိုမိုကြီးမားသည့်အခန်းကဏ္ဍက ပါဝင်လုပ်ဆောင်ရန်လည်း မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။