ထိုင်းဗိုလ်ချုပ်သုံးဦး အပါအဝင် လူဝင်မှုကြီးကြပ်ရေး ရဲအရာရှိ အယောက် ၁၁၀ ကို နိုင်ငံခြားသားများအား တရားမဝင် ဗီဇာများ ထုတ်ပေးခဲ့မှုဖြင့် စွဲချက်တင်လိုက်ကြောင်း ဘန်ကောက်ပို့စ်အပါအဝင် ထိုင်းအခြေစိုက် သတင်းဌာနများက ဖော်ပြထားသည်။
လက်ရှိတွင် ၎င်းတို့ အားလုံးကို ရုံးစည်းကမ်းဖောက်ဖျက်မှုအပြင် လာဘ်ပေးလာဘ်ယူ အမှုများဖြင့် စွဲချက်တင်ထားပြီး ယခုသီတင်းပတ်အတွင်း အစိုးရရှေ့နေများထံ ပေးပို့ရန် မျှော်လင့်ထားသည်ဟု ဒုရဲမှူးချုပ် Surachate Hakparn က ပြီးခဲ့သည့် တနင်္လာနေ့တွင် အသိပေးထားသည်။
ယင်းအမှုတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင် Chaiyanat Kornchayanant ဆိုသူ၊ အခြားလူဝင်မှုကြီးကြပ်ရေး ထိုင်းရဲအရာရှိများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာအများအပြား ပါဝင်ပတ်သက်နေသည်ဟုဆိုပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဖြင့် ဖမ်းဆီးခံထားရသည်။
ထိုင်းအခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်တွင် ထိုင်းနိုင်ငံရှိ တရုတ်စီးပွားရေးသမားများသည် တရားမဝင် ကုန်သွယ်ရေး လုပ်ငန်းများတွင်လည်း ပါဝင်ပတ်သက်လျက်ရှိနေသည်ဟု ရေးသားထားသည်။