တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ကိုရီးယားဘုန်းတော်ကြီးများက စစ်တပ်၏ အကြမ်းဖက်မှုကြောင့် ကျဆုံးခဲ့ရသူများအတွက် ၀တ်ပြုဆုတောင်းပွဲတစ်ရပ် ကျင်ပခဲ့သည်။
အထက်ပါ ဆုတောင်းပွဲကို ဇန်နဝါရီလ ၃၀ရက်နေ့ကပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုဖြစ်သည့် ဂျိုဂဲဂိုဏ်းက ကိုရီးယားဘုန်းတော်ကြီးများ ကိုယ်တိုင် ဝတ်ပြုဆုတောင်းပေးခဲ့ခြင်းဖြစ်သည်။
ယင်းဆုတောင်းပွဲအတွင်း ဂျိုဂဲဂိုဏ်း ဗုဒ္ဓဘာသာလူမှုရေးနှင့် အလုပ်သမားရေးရာ ကော်မတီက မြန်မာ့စစ်ကောင်စီတပ် ကျရှုံးကာ မြန်မာပြည်သူပြည်သားများ လိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းသော တိုင်းပြည်သို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ကြောင်း ဆုတောင်းမေတ္တာပို့သခဲ့သည်။
မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီတပ်သည် ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် အာဏာသိမ်းကာ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေခြင်းမှာ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ပြီး လူသားမဆန်သည့် ရာဇ၀တ်မှုများကျူးလွန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသူများကို သုခဘုံတွင် ပြန်လည်မွေးဖွားနိုင်ရန် ဗုဒ္ဓထံ ဆုတောင်းမှုပြုအပ်ပါသည်ဟု ပါ၀င်သည့် ကြေငြာချက်ကို ဆုတောင်းပွဲအပြီး၌ ဂျိုဂဲဂိုဏ်း တာဝန်ခံကိုရီးယား ဘုန်းတော်ကြီးတစ်ပါးက ဖတ်ကြားခဲ့သည်။