စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပြုထားသည့် မြန်မာ့အရေး အလွတ်သဘော အစည်းအဝေးသည် အာဆီယံ၏ဆုံးဖြတ်ချက်ကိုထိုင်းအစိုးရက လက်သီးပုန်းထိုးလိုက်ခြင်းဖြစ် ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးကဆိုသည်။
မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ထိုင်းအစိုးရက ကမကထ ပြုလုပ် ကျင်းပမည်ဖြစ်ပြီး စိတ်ဝင်စားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ တက်ရောက်ကြရန် ထိုင်းအစိုးရက ဖိတ်ကြားထား ကြောင်း ထိုင်း PBS သတင်းဌာနက ဖော်ပြသည်။
“အာဆီယံက စစ်အုပ်စုရဲ့ မင်းအောင်လှိုင်တို့ ဝဏ္ဏမောင်လွင်တို့ကို အာဆီယံအစည်းအဝေးတက်ခွင့် ပိတ်ထားတယ်။နိုဝင်ဘာ၁၁ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေး အာဆီယံဘုံ သဘောတူညီချက်၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ၁၅ ရပ် ဆိုပြီး ထွက်ပေါ်ပြီးသားဖြစ်တယ်။ အဲဒါကိုပဲ ထိုင်းက ဝဏ္ဏမောင်လွင်နဲ့ တခြား အာဆီယံဝန်ကြီးတွေကို ဆုံပေးပြီး မြန်မာ့အရေး ဆွေးနွေးမယ်ဆိုတာက အာဆီယံကို လက်သီးပုန်းထိုး လိုက်တာပဲ”ဟု၎င်းကပြောသည်။
ယခုအစည်းအဝေးသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအတွင်း သဘောထားကွဲနေမှုကို အာဆီယံ အစည်းအဝေးပြင်ပ၌ တရားမဝင်ထုတ်ပြရာလည်းရောက်သလို အာဆီယံလမ်းကြောင်းအတိုင်း မသွားလိုဟု တရားမဝင်လူသိရှင်ကြား ထုတ်ပြောရာလည်းရောက်ကြောင်း နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကဆိုသည်။
“အာဆီယံမူ ၅ ရပ် ဆိုတာ အာဆီယံခေါင်းဆောင်တွေ သဘောတူချမှတ်ခဲ့တာပါ။ ပြီးတော့ နိုဝင်ဘာ၁၁ရက်နေ့ ကထုတ်ပြန်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၁၅ ရပ် ဆိုတာလည်း အာဆီယံခေါင်းဆောင်တွေရဲ့ စားပွဲဝိုင်းကနေ အတည်ပြုဆုံးဖြတ်ခဲ့တာပါ။အာဆီယံလမ်းကြောင်းကနေ မြန်မာ့အရေးကိုကိုင်တွယ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အသိအမှတ်ပြုထားတာပါ။ဒါကိုပဲ ထိုင်းအစိုးရက သူသဘောတူထားတာကို သူပြန်ဖျက်တဲ့သဘော မလိမ့်တပတ်လုပ်တာ”ဟု ၎င်းကပြောသည်။
ဒီဇင်ဘာ၂၂ရက်နေ့၊မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်မည့် အာဆီယံနိုင်ငံများစာရင်းကိုမူ မသိရသေးသော်လည်း ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ တက်ရောက်မည်ဟု PBS သတင်းဌာနက ဖော်ပြသည်။
“မြန်မာ့အရေးကို ရှုပ်ထွေးအောင် ထိုင်းကလုပ်လိုက်တာပေါ့။အစည်းအဝေး တက်မှာက ကမ္ဘောဒီးယား၊လာအို ကသေချာတယ်။ဗီယက်နမ် တက်ချင်တက်နိုင်တယ်”ဟု နိုင်ငံရေးသုံးသပ်သူက ခန့်မှန်းသည်။
နွေဦးတော်လှန်ရေးကို မဟာဗျူဟာမြောက်တွန်းအားဖြစ်လာနိုင်သည့် အမေရိကန် နိုင်ငံကာကွယ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် ပြ ဋ္ဌာန်း သည့် ဥပဒေကြမ်း(National Defense Authorization Act -NDAA)ကို မကြာမီအမေရိကန် သမ္မတဘိုင်ဒန် က လက်မှတ်ရေးထိုးတော့မည်ဖြစ်၍ အာဆီယံနိုင်ငံတွင်း အာဏာရှင်နိုင်ငံများက စစ်ကောင်စီကို အတတ်နိုင်ဆုံး ကယ်ထုတ်ရန် ကြံဆသည့် အလွတ်သဘောအစည်းအဝေးလည်း ဖြစ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။