ထိုင်းနိုင်ငံ ပတ်ချာဘန်းပြည်နယ် ဘန်ဆန်ဖန်ခရိုင်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းမှ သံဃာများကို မူးယစ်ဆေးသံသယဖြင့် ဆေးစစ်လိုက်ရာ သံဃာများအားလုံး ဆေးကျပြီး လူဝတ်လဲလိုက်ရသည်ဟု NDTV က ဖော်ပြသည်။
လက်ရှိ ယင်းကျောင်းတွင် သံဃာတော်များ ကင်းမဲ့သွားခဲ့ပြီဖြစ်သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်ဟုဆိုသည်။ သတင်းတွင် ဆေးကျခဲ့သည့် သံဃာအရေအတွက်ကို ဖော်ပြထားခြင်း မရှိပေ။
သံဃာများအားလုံးကို မူးယစ်ဆေးဝါး ပြန်လည် ထူထောင်ရေးအတွက် ကျန်းမာရေး ဆေးရုံတစ်ခုသို့ ပို့ဆောင်ထားလိုက်ပြီဖြစ်သည်ဟုလည်း သိရှိရသည်။
ယင်းကျောင်းရှိ ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာလေးပါးတွင် စိတ်ကြွဆေးဝါး သုံးစွဲမှုကို ပြီးခဲ့သည့် တနင်္လာနေ့က တွေ့ရှိခဲ့ပြီးနောက် ဘုန်းကြီးကျောင်းတစ်ကျောင်းလုံးကို ဆေးစစ်ခဲ့ခြင်းဖြစ်သည်။
“အခု ဘုန်းကြီးကျောင်းမှာ သံဃာတွေမရှိတော့ အနီးနားရွာက လူတွေ ကုသိုလ်ကောင်းမှု မလုပ်နိုင်တော့ဘူး”ဟု ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဘုန်းကြီးကျောင်းတွင် သံဃာတော်များ မရှိတော့သည့်အတွက် ရွာသူရွာသားများ ဘာသာရေးဆက်လက်လုပ်ဆောင်နိုင်ရန် သံဃာများကို ယင်းကျောင်းသို့ စေလွှတ်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ထိုင်းနိုင်ငံသည် ရှမ်းပြည်နယ်၊ လာအိုတို့မှ မက်သာဖီသမင်းများ စီးဆင်းရာ၌ အဓိက အကူးအပြောင်းလုပ်သည့် နိုင်ငံဖြစ်သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး၏ ဖော်ပြချက်အရ သိရသည်။ အရှေ့တောင်အာရှတစ်ဝန်းရှိ အာဏာပိုင်များသည် မကြာသေးမီနှစ်များအတွင်း မက်သာဖီသမင်းဆေးပြား ဖမ်းဆီးရမိမှု စံချိန်တင်ခဲ့သည်ဟု ဆိုသည်။