ထိုင်းနိုင်ငံအတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို အာဏာပိုင်များက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များအား ကြည့်ရှုခွင့် ပေးထားသည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနအပြင် အခြားသောနိုင်ငံတွင်း မီဒီယာများက ဖော်ပြထားသည်။
ထိုင်းအာဏာပိုင်များက ၎င်းတို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များအား ကြည့်ရှုခွင့် ပေးထားသော်လည်း ညကိုးနာရီအထိသာ ကြည့်ရှုခွင့်ပေးထားသည်ဟု ဆိုသည်။ လွတ်သွားသည့် ပွဲစဉ်များအား နောက်တစ်နေ့တွင် ကြည့်ရှုနိုင်ကြမည်ဖြစ်သည်။
ထို့အပြင် အကျဉ်းသားများအနေဖြင့် လောင်းကစားလုပ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ လုံးဝ ဖြစ်ခွင့်မရှိသည့် စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များကို အကျဉ်းထောင်အာဏာပိုင်များက ထုတ်ပြန်အသိပေးထားသည်။
ဘောလုံးပွဲကြည့်ရှုခွင့်အတွက် အကျဉ်းထောင်များတွင် ရုပ်မြင်သံကြား ကြည့်ရှုခွင့် ရ၊ မရပေါ်တွင်လည်း မူတည်နေသေးသည်ဟုဆိုပြီး ရုပ်မြင်သံကြားရှိသည့် အခြေအနေတွင် ကြည့်ရှုခွင့်ရကြမည်ဖြစ်သည်။ ထိုသို့ခွင့်ပြုခြင်းသည် အကျဉ်းသားများ၏ ကျန်းမာရေးအတွက် စေ့ဆော်မှု ပြုလုပ်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုင်းအခြေစိုက်သတင်းဌာနအချို့၏ ဖော်ပြချက်တွင် နှစ်သစ်ကူးလက်ဆောင်အဖြစ်လည်း အကျဉ်းသားများ၏ မိသားစုများကို ယခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှ နောက်နှစ် ဇန်နဝါရီ ၂ ရက်နေ့အထိ လေးရက်တာအတွင်း အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုများကို တွေ့ဆုံခွင်ပေးမည်ဟုလည်း ဖော်ပြသည်။
ယင်းအခြေအနေတွင် လာရောက်တွေ့ဆုံသူများအနေဖြင့် ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းစံနှုန်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သလို တင်းတင်းကျပ်ကျပ် လိုက်နာကြရမည်ဖြစ်သည်ဟုလည်း ဖော်ပြလျက်ရှိသည်။ ကာတာနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပွဲစဉ်များအတွက် ထိုင်းရုပ်သံလိုင်းများသည် အခမဲ့ရုပ်သံလိုင်း ၁၇ လိုင်းမှတစ်ဆင့် တိုက်ရိုက်ပွဲစဉ် ၆၄ ပွဲကို ထုတ်လွှင့်ပြသခွင့်ရရှိထားသည်။