“မိမိပတ်ဝန်းကျင်ကလူတစ်ယောက် ပြုမူပြောဆိုပုံပြောင်းရင် သူ့မှာ စိတ်ပိုင်းဆိုင်ရာအဆင်ပြေရဲ့လား ဂရုစိုက်ကြည့်ပြီး ဖေးမကူညီမယ်။ မိမိကိုယ်ကိုယ်ထိခိုက်ဒဏ်ရာရအောင် ဒါမှမဟုတ် သေကြောင်းကြံဖို့ တွေးတောဖူးသလား။ လက်ရှိရော တွေးမိနေသလားမေးကြည့်ပြီး တကယ်လို့ ဟုတ်ခဲ့ရင် စိတ်ကျန်းမာရေး အကူအညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးချိတ်ဆက်နိုင်ဖို့လည်း အင်မတန်အရေးကြီးပါတယ်”
မိမိကိုယ်မိမိအဆုံးစီရင်မှု ပြုလုပ်နိုင်သည့်သူများကို မိသားစုနှင့်ပတ်ဝန်းကျင်က အားပေးနိုင်မည့်နည်းလမ်းများအတွက် တယ်လီကျန်းမာ၏ စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို MPA က ကောက်နုတ်ဖော်ပြလိုက်ပါသည်။
31 Oct 2022 By MPA 001 (အင်တာဗျူး)
MPA ။ ။ မိမိကိုယ်မိမိ အဆုံးစီရင်တဲ့အဆင့်ထိမရောက်ခင် စိတ်ကျန်းမာရေးဖောက်ပြန်လာတာကို ဘယ်လိုသတိထားမိနိုင်လဲ။
တယ်လီကျန်းမာ ။ ။ သေကြောင်းကြံစည်မှုဖြစ်စဥ်မတိုင်ခင်မှာ လူနာ (Client) အနေနဲ့ မျှော်လင့်ချက်မဲ့သွားပြီလို့ အောက်မေ့တာ။ အကူအညီမဲ့တယ်။ အထီးကျန်တယ်။ ကိုယ့်ကိုနားလည်နိုင်မယ့်သူ မရှိဘူးလို့ ထင်မြင်ယူဆတာ။ အသက်ရှင်နေလဲ မထူးတော့ပါဘူး။ အသက်ရှင်စရာအကြောင်းမရှိတော့ဘူးလို့ မှတ်ယူလိုက်တာ။ စိတ်ဖိစီးမှုတွေကိုင်တွယ်ဖြေရှင်းရာမှာ အခက်တွေ့ပြီး လုပ်မိလုပ်ရာလုပ်လိုက်ချင်တာ။
စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာအားနည်းနေလို့ဖြစ်စေ၊ ရှက်ရွံ့နေလို့ဖြစ်စေ စိတ်ကျန်းမာရေးဝန်ဆောင်မှုမယူဖြစ်တာ။ စိတ်ကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်လှမ်းမမီတာနဲ့ လူမှုရေးအကူညီတွေရယူဖို့ အခက်အခဲတွေရှိတာတွေ ဖြစ်နိုင်ပါတယ်။ဒါတွေကို ဘေးပတ်ဝန်းကျင်က ဆွေမျိုးမိတ်ဆွေတွေ သိထားသင့်ပါတယ်။ ဒါမှသာ Client ကိုအမှန်တကယ်နားလည်ပြီး သူ့အတွက် အထောက်အကူဖြစ်စေမှာပါ။
MPA ။ ။ စိတ်ကျန်းမာရေးချို့တဲ့လာတာကို ပတ်ဝန်းကျင်၊ မိသားစု၊ မိတ်ဆွေ၊သူငယ်ချင်းတွေက ဘယ်လို သတိထားမိနိုင်မလဲ။
တယ်လီကျန်းမာ ။ ။ စိတ်ကျန်းမာရေးမကောင်းတာကို အတူနေမိသားစုတွေ အလွယ်ဆုံးသတိထားမိ နိုင်တာကတော့ လူနာက အရင်ကနဲ့မတူတော့ဘဲ ကိုယ်ရည်ကိုယ်သွေးတွေ အမူအကျင့်တွေ ပြောင်းလာတာ၊ စကားအပြောအဆိုတွေ လွဲလာတာ၊ စဉ်းစားတွေးခေါ်တာတွေ အမှန်တရားနဲ့သွေဖယ်လာတာ။ ကြောင်တောင်တောင်ဖြစ်နေတာ။ ညအိပ်ချိန်မမှန်တော့တာ။ စတာတွေကို အရင်ဆုံးသတိထားမိလာပါလိမ့်မယ်။
MPA ။ ။ သူတို့ကို ဘယ်လိုအားပေးသင့်လဲ။
တယ်လီကျန်းမာ ။ ။ မိမိပတ်ဝန်းကျင်က သူတစ်ယောက် ပြုမူပြောဆိုပုံပြောင်းရင် သူ့မှာ စိတ်ပိုင်းဆိုင်ရာ အဆင်ပြေရဲ့လား။ ဂရုစိုက်ကြည့်ပြီး လိုသလို ဖေးမကူညီမယ်။ မိမိကိုယ်ကိုယ် ထိခိုက်ဒဏ်ရာရအောင် (သို့) သေကြောင်းကြံဖို့တွေးတောဖူးသလား၊ လက်ရှိရော တွေးမိနေသလား၊ မေးကြည့်ပြီး တကယ်လို့ ဟုတ်ခဲ့ရင် စိတ်ကျန်းမာရေး အကူအညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးချိတ်ဆက်နိုင်ဖို့လည်း အင်မတန်အရေးကြီးပါတယ်။
MPA ။ ။ စိတ်ကျန်းမာရေးချို့တဲ့တာကို ဘယ်လိုကုစားနိုင်မလဲ။
တယ်လီကျန်းမာ ။ ။ စိတ်ကျန်းမာရေးချို့တဲ့တယ်ဆိုတဲ့ မေးခွန်းအတွက်ကတော့ တိတိကျကျ ဖြေလို့မရပါဘူး။ စိတ်ကျန်းမာရေးမှာ ရောဂါအမျိုးမျိုး၊ ပြဿနာအမျိုးမျိုးဖြစ်နိုင်ပြီး ကိုင်တွယ်ကုသဖြေရှင်း နည်းကလည်း မတူနိုင်ပါဘူး။ ဥပမာ…စိတ်ကျတာဟာ စိတ်ကျန်းမာရေးချို့ယွင်းသလို၊ စိတ်ကြွတာဟာလည်း စိတ်ကျန်းမာရေးချို့ယွင်းတဲ့ ပြဿနာပါပဲ။ ဒါဆိုရင် သဘောပေါက်မယ် ထင်ပါတယ်။
ယေဘုယျအားဖြင့် စိတ်ကျန်းမာရေးချို့ယွင်းသူရှိတာတွေ့နေရင် နီးစပ်ရာ စိတ်ကျန်းမာရေးအတွက် အကူအညီပေးတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံး ချိတ်ဆက်နိုင်ဖို့ ကူညီဆောင်ရွက်ပေးသင့်ပါတယ်။ ယနေ့ခေတ်မှာ တတ်ကျွမ်းနားလည်သူပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ လူမှုအဖွဲ့အစည်းတွေကို အွန်လိုင်း မှာပဲ အလွယ်တကူရှာဖွေချိတ်ဆက်နိုင်ပါတယ်။
ပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလို့ သုံးနှုန်းထားတာလေး ဂရုစိုက်ပေးပါ။ မိမိအမြင် သဘောထားတွေဖြန့်ဝေနေတဲ့ personal အကောင့်တွေ မဟုတ်ပါ။ ဒါတွေနဲ့ ချိတ်ဆက်လိုက်ရင် Client အတွက် ပိုဆိုးသွားစေပါလိမ့်မယ်။
MPA ။ ။ စိတ်ကျန်းမာရေးအဆင်မပြေတဲ့သူတွေကို အဆုံးစီရင်တဲ့အဆင့်မရောက်အောင် ဘယ်လိုကြို တင်ကာကွယ်နိုင်လဲ။ စိတ်ဆင်းရဲမှုတွေ၊ နိုင်ငံရေးပဋိပက္ခတွေကြားမှာ သာမန်ပြည်သူတွေ ဘယ်လိုနေထိုင်ရမလဲ။
တယ်လီကျန်းမာ ။ ။ စိတ်ဓာတ်ကျနေသူတွေကို အားပေးကူညီနိုင်တဲ့နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အခက်အခဲတွေကို တွန်းလှန်လွန်မြောက်နိုင်စွမ်းကို ပျိုးထောင်ရာမှာ တစ်နည်းနည်းနဲ့ ကူပေးလို့ရပါတယ်။ ကျန်းမာရေးဂရုစိုက်ပေးတာ(အိပ်ရေးဝအောင်အိပ်တာ၊ အစာအာဟာရမျှတအောင် စားတာ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင်ခန်းတွေလုပ်တာ)။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေမယ့်အလုပ်၊ ကိုယ်ပိုင် အောင်မြင်မှုလို့ခံစားရတာတွေကို တစ်နေ့ နည်းနည်းပဲဖြစ်ဖြစ်လုပ်တာ။
ချစ်ခင်တဲ့သူတွေနဲ့ အဆက်သွယ်ရှိနေပါစေ။ ရင်းရင်းနှီးနှီးရင်ဖွင့်ပြောဆို တိုင်ပင်တာ။ကျန်းမာရေးနဲ့ ညီတဲ့ စိတ်ဖိစီးမှုလျှော့ချနည်းများကို ပုံမှန်လေ့ကျင့်တာ (ဥပမာ – ယောဂ)။ အပန်းဖြေအနားယူတာ၊ ဝါသနာပါတာလေးတွေ လုပ်တာ၊ မိမိကိုယ်ကိုယ်နွေးထွေးစွာ အားပေးနှစ်သိမ့်တတ်တာလေးတွေက အခက်အခဲတွေကို တွန်းလှန်လွန်မြောက်နိုင်စွမ်းရာမှာ အထောက်ကူ ဖြစ်ပါတယ်။ သာမာန်ပြည်သူ တွေအနေနဲ့ လုပ်ဆောင်သင့်တာတွေကလည်း အပေါ်မှာပြောခဲ့သလိုပါပဲ။
MPA ။ ။ Mentally break down ဖြစ်နေတဲ့သူကို suicide လုပ်ဖို့ stimulate လုပ်ပေးတဲ့ toxic အရေး အသားတွေ social media ပေါ်တင်ပြီး suicide contagion ကို ဖန်တီးတဲ့ ဖြစ်စဉ်တွေမဖြစ်အောင် ဘယ်လိုထိန်းသိမ်းရမလဲ။
တယ်လီကျန်းမာ ။ ။ မီဒီယာတွေအနေနဲ့ သေကြောင်းကြံစည်မှုအကြောင်း သတင်းတင်ဆက်တဲ့အခါ လိုက်နာသင့်တာ ရှောင်ကြဥ်သင့်တာတွေရှိပါတယ်။ ဒါတွေကိုမသိဘဲ သတင်းဖြစ်ပြီးရော တင်နေကြတဲ့ အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ Facebook ရဲ့ search bar မှာ Suicide လို့ ရိုက်ရှာကြည့်လိုက်ပါ။ သေကြောင်းကြံစည်မှုအကြောင်း မဖော်ပြဘဲ စိတ်ကျန်းမာအတွက် အကူအညီပေးမယ့် page တွေ အဖွဲ့အစည်းတွေအကြောင်းပဲ အရင်ဖော်ပြပေးတာ တွေ့ရပါလိမ့်မယ်။
စိတ်ကျန်းမာရေးပြဿနာတွေ၊ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာတွေ နဲ့ ပတ်သက်ပြီး အယူအဆလွဲမှားမှု၊ ခွဲခြားဆက်ဆံမှုတွေ လျော့နည်းအောင် ရေးသားဖော်ပြရပါမယ်။ ကျန်းမာရေးအသိပညာပေးတဲ့အချက်တွေ ထည့်သွင်းရေးသားရပါမယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုတဲ့စိတ်ကို တောင့်ခံကျော်လွှားနိုင်ခဲ့တဲ့ သူတွေအကြောင်းကို အသားပေးရေးသားရပါမယ်။ သေကြောင်းကြံစည်မှုအကြောင်းဖော်ပြတဲ့ သတင်းတင်ဆက်ရာမှာ အသုံးပြုနေကျ 5W 1H (သတင်းအခေါ်ဘခြောက်လုံး) ကို အသုံးမပြုဘဲ Suicide ဟာ မလုပ်သင့်ကြောင်း၊ နောက်လူတွေ ဆက်မလုပ်ဖြစ်စေဖို့အကြောင်းကို Background content တွေနဲ့ ဖွဲ့စည်းတင်ဆက်ရပါမယ်။